Connect with us

Hi, what are you looking for?

သတင်း

စီးရီးထဲက ရိုးရာဝတ်စုံကိစ္စ အငြင်းပွားမှုအပေါ် နိုင်ငံရေး အမြတ်ထုတ်မှုတွေ ရှိလာနိုင်ကြောင်း ထိုင်းပညာရှင် သတိပေး

ထိုင်းရုပ်မြင်သံကြား ဇာတ်လမ်းတွဲ စီးရီးအသစ်မှာ အသုံးပြုထားတဲ့ ရိုးရာ ဝတ်စုံဒီဇိုင်းကိစ္စ အငြင်းပွားမှုတွေဟာ ထိုင်း-မြန်မာ ဆက်ဆံရေးကို ခြိမ်းခြောက်တဲ့ အဆင့်ထိ ကြီးထွားသွားနိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ထိုင်းပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။

ဓာတ်ပုံ - GMMTV/Screengrab

ထိုင်းရုပ်မြင်သံကြား ဇာတ်လမ်းတွဲ စီးရီးအသစ်မှာ အသုံးပြုထားတဲ့ ရိုးရာ ဝတ်စုံဒီဇိုင်းကိစ္စ အငြင်းပွားမှုတွေဟာ ထိုင်း-မြန်မာ ဆက်ဆံရေးကို ခြိမ်းခြောက်တဲ့ အဆင့်ထိ ကြီးထွားသွားနိုင်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူ ထိုင်းပညာရှင် တစ်ဦးက သတိပေးခဲ့ပါတယ်။

လာလီတာ ဟန်ဝေါင်ဟာ ကက်ဆတ်ဆက် တက္ကသိုလ်ရဲ့ အချက်အလက် အခြေပြု လူမှုသိပ္ပံ ပါမောက္ခ တစ်ဦးဖြစ်ပြီး သမိုင်းပညာရှင်၊ နိုင်ငံရေး အကဲခတ် တစ်ဦးအဖြစ်လည်း လူသိများပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့သမိုင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလမှာ စတင်ထုတ်လွှင့်မယ့် Scarlet Heart Thailand စီးရီးရဲ့ trailerထဲမှာ ကုန်းဘောင်ခေတ် မြန်မာ့နန်းတွင်း ဝတ်စားဆင်ယင်မှုတွေကို တိုက်ရိုက် ကူးချထားတာ တွေ့ရကြောင်း စွပ်စွဲမှုတွေကို အခြေပြုပြီး လူမှုကွန်ရက်တွေပေါ်မှာ အငြင်းအခုံတွေ စတင်လာခဲ့တာပါ။ စီးရီးကို ရိုက်ကူးထုတ်လုပ်တဲ့ GMMTV ကုမ္ပဏီကတော့ ဇာတ်လမ်းထဲမှာ တကယ်မရှိတဲ့ နိုင်ငံတစ်ခုကို စိတ်ကူးယဉ် ဖန်တီးထားပြီး မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို စုပေါင်းမှီငြမ်းထားတာလို့ ဖြေရှင်းခဲ့ပါတယ်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်ပုံတွေကို ခိုးယူဖို့၊ မလေးမစားလုပ်ဖို့ မရည်ရွယ်ကြောင်း GMMTVက ဖြေရှင်းထားပေမယ့်လည်း ဒီကိစ္စက အွန်လိုင်းပေါ်မှာ အရှိန်မသေသေးပါဘူး။ ထိုင်းနဲ့မြန်မာက အမျိုးသားရေး ဝါဒီတွေက ဒီပြဿနာကို အမြတ်ထုတ်ပြီး အမုန်းတရားတွေ ဖြန့်ဝေကြမယ်ဆိုရင် အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်ကိန်း ကြုံလာနိုင်တယ်လို့ လာလီတာက သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စီးရီးထဲက အဝတ်အစား ကိစ္စအကြောင်း ငြင်းခုံနေရာကနေ ထိုင်းလက်ယာစွန်း ဝါဒီတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ ထိုင်းပြည်သူတွေဆီက အလုပ်အကိုင်တွေကို ခိုးယူနေပါတယ်လို့ မဆီမဆိုင် စွပ်စွဲမှုတွေကို အစပျိုးလာနေသလို တစ်ဖက်မှာလည်း အာဏာသိမ်း စစ်တပ်ဟာ ပြည်ပကို ထွက်ပြေးသွားတဲ့ လူငယ်တွေကို ပြန်လာစေဖို့အတွက် ဒီပြဿနာကို မီးဆက်မွှေးပေးနေနိုင်ကြောင်း လာလီတာက ဆိုပါတယ်။

မြန်မာပြည်သူတွေ အနေနဲ့ ရိုးရာဝတ်စုံကို ခိုးယူခံရလို့ ဆိုတဲ့အတွေးနဲ့ ဒေါသထွက်ခွင့် ရှိကြောင်း၊ ဒါပေမဲ့ အဲဒီဒေါသကို ဖော်ပြတဲ့ အခါမှာ နိုင်ငံရေး အမြတ်ထုတ်ချင်သူတွေရဲ့ လှည့်စားမှု၊ အသုံးချမှုတွေ မခံရအောင်တော့ သတိနဲ့ ထိန်းသိမ်းဖို့လိုကြောင်း လာလီတာက အကြံပြုခဲ့ပါတယ်။ ထိုင်းမှာ မြန်မာနိုင်ငံသား ၆ သန်းကနေ ၇ သန်းလောက်ထိ ရှိနေနိုင်ပြီး တကယ်လို့သာ လူမျိုးရေး ပဋိပက္ခ အသွင်မျိုးထိ ကျယ်ပြန့်လာရင် အဲဒီ မြန်မာနိုင်ငံသားတွေ အရင်ဆုံး နစ်နာနိုင်တာကို သူက ထောက်ပြခဲ့ပါတယ်။

အွန်လိုင်းပေါ်က အငြင်းပွားမှုတွေကြောင့် တစ်ဖက်မှာလည်း Scarlet Heart Thailand စီးရီးအပေါ် ပရိသတ် စိတ်ဝင်စားမှုက တရှိန်ထိုး မြင့်တက်လာနေပါတယ်။ စီးရီးရဲ့ ပထမဆုံး အပိုင်းကို ထုတ်လွှင့်ပြသပြီး သရုပ်ဆောင်တွေက ပရိသတ်နဲ့ တွေ့ဆုံမယ့် အစီအစဉ် လက်မှတ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စတင်ရောင်းချပြီး တစ်နာရီအတွင်း ကုန်သွားခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကို နိုဝင်ဘာ ၄ ရက်နေ့ကျရင် ဘန်ကောက်မှာရှိတဲ့ Union Mallမှာ ပြုလုပ်မှာပါ။

အပိုင်း ၁၆ ခုပါတဲ့ စီးရီးကို နိုဝင်ဘာ ၄ ရက်မှာ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး ဝင်မက်တာဝင်၊ တူတွန်တာဝမ်၊ နာနွန်ကိုရာပတ်၊ တေတာဝမ်၊ ဖို့သ်နတ်တာဝတ်၊ ပတ်သ်တာနာပွန်စတဲ့ ထိုင်းသရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

မြန်မာကုန်းဘောင်ခေတ် နန်းတွင်းဝတ်စားဆင်ယင် ထုံးဖွဲ့မှုတွေကို ကူးယူထားကြောင်း စွပ်စွဲ ဝေဖန်မှုတွေ ကြုံနေတဲ့ ထိုင်းရုပ်မြင်သံကြား စီးရီးနဲ့ ပတ်သက်လို့ ဖျော်ဖြေရေး ကုမ္ပဏီ GMMTV က ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။