အောက်တိုဘာ – ၂၆ ၊၂၀၂၆
ရှားပါးပြီး ဥပဒေအရ ကာကွယ်ပေးထားတဲ့ ပန်ဒါနီလေး တစ်ကောင်ကို မှောင်ခိုသယ်ယူဖို့ ကြိုးစားခဲ့သူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတွေက ပြောပါတယ်။
တက်ခ်ပြည်နယ်ထဲက မြန်မာနဲ့ နယ်စပ်နားက စစ်ဆေးရေး ဂိတ်တစ်ခုမှာ ကားတစ်စီးကို ရပ်တန့် စစ်ဆေးတဲ့အခါ သတ်မှတ်လိုင်စင် မရှိဘဲ သယ်ယူလာတဲ့ အဲဒီ ပန်ဒါနီလေးကို စစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ကမဲဆောက်ခရိုင်မှာသိမ်းဆည်းရမိခဲ့တဲ့ ပန်ဒါနီလေးကိုထိုင်း အမျိုးသား ဥယျာဉ်၊ သားရိုင်းနဲ့ အပင်များ ထိန်းသိမ်းရေး ဌာနက လက်လွှဲ စောင့်ရှောက် ထိန်းသိမ်းထားပါတယ်။

Public Service Announcement
ပန်ဒါနီလေးကို တရားမဝင် မှောင်ခို သယ်ယူလာသူ နှစ်ဦးကိုတော့ မဲဆောက်ရဲစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။ သူတို့တွေဟာ ဥပဒေအရ ကာကွယ်ပေးထားတဲ့ တောရိုင်းတိရစ္ဆာန် မျိုးစိတ်ကို မှောင်ခို သယ်ဆောင်မှုအတွက် တရားစွဲဆိုခြင်း ခံရဖွယ် ရှိနေပါတယ်။
ပန်ဒါနီတွေဟာ ထိုင်းရဲ့ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမယ့် တိရစ္ဆာန် မျိုးစိတ်စာရင်းထဲမှာ ထိပ်ဆုံးအဆင့်က ပါဝင်နေပါတယ်။ အဓိပ္ပါယ်ကတော့ အဲဒီ မျိုးစိတ်တွေကို တရားမဝင် စီးပွားဖြစ် ရောင်းဝယ် ဖောက်ကားတာမျိုးအတွက် အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်နိုင်ပါတယ်။
ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်နဲ့ ဘတ် ၁ သန်းထိ ဒဏ်ငွေ၊ ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံးဖြစ်စေ ကျခံရနိုင်ပါတယ်။
ကယ်ဆယ်ရရှိထားတဲ့ ပန်ဒါနီလေးမှာ စိတ်ဖိစီးမှု၊ ပင်ပန်းနွမ်းနယ်မှုနဲ့ ထိတ်လန့် တုန်လှုပ်မှု လက္ခဏာတွေ တွေ့နေရပြီး အခုတော့ မဲဆောက် သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး တာဝန်ရှိသူတွေက စနစ်တကျ စောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။
ပန်ဒါနီတွေက နာမည်ချင်း ဆင်တူပေမယ့် အဖြူနဲ့ အနက်ရောင် ပန်ဒါကြီးမျိုးစိတ်နဲ့ ပတ်သက်မှု မရှိပါဘူး။ အရွယ်အစားက အိမ်မွေးကြောင်တွေထက် နည်းနည်းလောက်ပဲ ပိုကြီးပြီး ဟိမဝန္တာ တောင်တန်းတွေရဲ့ အရှေ့တောင်ဖက် ဧရိယာတွေ၊ မြန်မာနိုင်ငံ မြောက်ဖျားနဲ့ တရုတ်ပြည် အနောက်တောင်ပိုင်းက အအေးပိုင်းဇုန် ဝါးရုံတောတွေမှာ သဘာဝအလျောက် ကျက်စားနေထိုင်ပါတယ်။
ပန်ဒါနီလေးတွေဟာ ဝါးရွက်၊ မျှစ်၊ သစ်သီးသစ်ဥသစ်မြစ်၊ ငှက်ဥနဲ့ အင်းဆက်ပိုးမွှားတွေကို အဓိက စားသောက်ကြပါတယ်။
ကမ္ဘာပေါ်မှာ လောလောဆယ် ပန်ဒါနီ ကောင်ရေဟာ ၁ သောင်းအောက်သာ ကျန်တော့တာကြောင့် အပြည်ပြည်ဆိုင်ရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမဂ္ဂ (INCN)က ပန်ဒါနီတွေကို မျိုးသုဉ်းလုနီးပါး အထူးအန္တရာယ် ကြုံနေရတဲ့ မျိုးစိတ်အဖြစ် သတ်မှတ် ကြေညာထားပါတယ်။
ကိုးကား – Bangkok Post





















































