အောက်တိုဘာ ၂၆၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွှေဂူနီဘုရားဝင်းမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီခန့်က မုံရွာမြို့နယ်၊ ကျောက္ကာရွာက ရွှေဂူနီဘုရားကြီး ဝန်းအတွင်း စခန်းချတပ်စွဲထားတဲ့ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးသီးချတာ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာအပြင် ၆၀ မမ နဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်တပ်က Jammer စက်ပျက်စီးသွားခဲ့သလို တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိမှုတွေလည်း ရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းက ဆိုပါတယ်။

Public Service Announcement
“အဲဒီနေရာမှာ အင်အားကတော့ ၅၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်”လို့ မုံရွာခရိုင် အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၃) တပ်ရင်းနဲ့အတူ မုံရွာမြို့နယ် ပကဖ ဒရုန်းတပ်စိတ်၊ သက်ဆိုင်ရာ တိုက်နယ်နဲ့ ရပ်ကျေး ပကဖအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က လူငယ်တွေကို နေ့စဥ်ပေါ်တာဆွဲဖမ်းဆီးနေပြီး ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့ညမှာလည်း ပျော်ပွဲရွှင်ပွဲတွေ လုပ်ပေးကာ ပွဲတော်ပြန်လူငယ်တွေကို ပေါ်တာဆွဲဖို့ ကြိုးစားနေကြောင်း မြို့ခံအချို့က ပြောပါတယ်။
လက်ရှိ မုံရွာမြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်က လမ်းတွေမှာ CCTV ကင်မရာတွေ တပ်ဆင်တာ၊ သဲအိတ်ဘန်ကာတွေ ဆောက်တာတွေနဲ့ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် တိုးမြှင့်ထားတယ်လို့ သိရပါတယ်။





















































