Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့က စကခ(၂၁)ကို KIA ထိုးစစ်ဆင်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဂေါ်ရခါးတပ်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

အောက်တိုဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ရှိ KIA သိမ်းပိုက်ထိန်းချုပ်နေရာတွေဘက်ကို အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်နေတာ တပတ်လောက်ရှိတဲ့ အခြေအနေမှာ KIAက စကခ(၂၁) ရဲ့အနောက်ဘက်ခြမ်းနေရာကို တန်ပြန်ထိုးစစ်ဆင်တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဗန်းမော်မှာ စကခ(၂၁)ကို ကျနော်တို့ဘက်က တန်ပြန်ထိုးစစ်ဆင်နေပြီးတော့ ၄၇ဘက်ကို သူတို့ဘက်က အလုံးအရင်းထိုးနေတဲ့ သဘောပါ။၂၁ အနောက်ဘက်ခြမ်းမှာ ရှိတဲ့ မိုးစိန်ကျွန်းဆိုတဲ့နေရာကို ကျနော်တို့ဘက်က အားထည့်ပြီးထိုးနေတယ်လို့ ပြောပါတယ်။ အရေးပါတဲ့နေရာမို့လို့ အခုလိုချက်ချင်း တန်ပြန်ထိုးတဲ့ သဘောမျိုးပါ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော တိုက်ပွဲမြေပြင်အခြေအနေ ထူးခြားမှုတွေကို နားစွန့်နေဆဲဖြစ်ပြီး နှစ်ဖက်တိုက်ခိုက်မှုတွေလည်း ပြင်းထန်နေကြောင်း သူက ပြောပါတယ်။

တိုက်ပွဲနေ့တိုင်းရှိသလို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေလည်းရှိကြောင်း ပြောပါတယ်။

” ဒရုန်းကိုလည်း မျိုးစုံ အသုံးပြုနေတယ်လို့သိထားရပါတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာမှာ ဗန်းမော်မြို့ကို စစ်တပ်က ရေကြောင်းမှတဆင့် အင်အား၊လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ခဲ့ပြီးနောက် မြေပြင်ထိုးစစ် ဆင်နေတာဖြစ်ပါတယ်။ တဖက်မှာလည်း စစ်တပ်ဟာ ဗန်းမော်မြို့ကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ ဒေသတွင်း တံတားအချို့ကို လေကြောင်း တိုက်ခိုက်ဖျက်ဆီးတာတွေလုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနား-ဗန်းမော်လမ်း မိုးမောက်မြို့နယ် မြို့သစ်ဒေသက တာပိန်မြစ်ကူးတံတားကို စစ်ကောင်စီတပ်က ၂ရက်ဆက် လေကြောင်းတိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ အဲဒီလို တံတားဖျက်ဆီးတာဟာ KIA ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်တ ဗန်းမော်ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းတာ ဖြစ်တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ် ပြောထားပါတယ်။

KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ ဒီဇင်ဘာကတည်းက ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ် အပါအဝင် စစ်တပ်တပ်စွဲရာနေရာအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စကခ(၂၁) အပါအဝင် ဗန်းမော်က လက်ကျန် စစ်ကောင်စီတပ်စခန်းတွေ ထပ်မံသိမ်းပိုက်နိုင်ရေး KIA ဘက်က ကြိုးပမ်းနေသလို စစ်တပ်ကလည်း ဗန်းမော်မြို့မကျရေး နည်းမျိုးစုံနဲ့ အင်အားဖြည့်တင်း ခုခံတာ၊ လေကြောင်း ပစ်ကူပေး ခုခံတာတွေလုပ်ဆောင်လျက်ရှိပါတယ်။

KIO/KIA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဂွန်မော်က ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ နိုင်ငံရေးသိက္ခာတိုက်ပွဲဖြစ်သလို လိုအပ်လို့ ဖော်ဆောင်နေတဲ့တိုက်ပွဲလည်းဖြစ်ပြီး ခက်ခဲမယ် အရင်းအနှီးများမယ်ဆိုတာ သိထားကြောင်း ၂၀၂၆ ဖေဖော်ဝါရီလက ပြောကြားထားပါတယ်။

အဲဒီတိုက်ပွဲမှာ PDF၊ ဂေါ်ရခါး၊ ရှမ်း၊ ချင်း၊နာဂ၊ကဒူး အပါအဝင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ကြောင်း၊ ယော၊ ဆောဒေသတွေက တပ်တွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲတော်လှန်ရေးတပ်တွေများစွာ ပါကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ရှင်းပြထားပါတယ်။

“ ဗန်းမော်တိုက်ပွဲမှာ လူမျိုးပေါင်းစုံ ပါ ပါတယ်။ ပြည်ထောင်စုတပ်မတော်လို ပြောနေတဲ့ စကားလုံးက စာရွက်ပေါ်မှာ ရှိသော်လည်း ကျနော်တို ဒေသတွေမှာတော့ နေရာအသီးသီးမှာ အတူတကွတိုက်ပွဲဝင်နေတဲ့ အတူတကွအောင်ပွဲ ခံနေတဲ့ အတူတကွ အာဇာနည်အဖြစ်ကို ရောက်ရှိတဲ့ အနေအထားတွေဖြစ်ပါတယ်”လို့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။