စပိန်နိုင်ငံ အလယ်ပိုင်းမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် ၆၈ ဦးထက်မနည်း သေဆုံးခဲ့သလို အများအပြား ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့တုန်းက မက်ဒရစ် မြို့တော်ကနေ ဆဗီးလ်မြို့ဆီ ဦးတည်ခုတ်မောင်းနေတဲ့ မြန်နှုန်းမြင့် ရထားဟာ ပြေးလမ်းပေါ်မှာ ရပ်ထားတဲ့ နောက်ထပ် ရထားတစ်စီးကို အရှိန်ပြင်းပြင်း ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
တိုက်မိတဲ့ အရှိန်က ပြင်းလွန်းတာကြောင့် ရထားတွဲ တချို့ဟာ သံလမ်းပေါ်ကနေ ချော်ထွက်သွားခဲ့ပါတယ်။ ပို့ဆောင်ရေး ဝန်ကြီးဌာနကတော့ လူသားအမှားနဲ့ဆိုင်တဲ့ ကွန်ပျူတာစနစ် အမှားအယွင်း တစ်ခုကြောင့် အခုလို မတော်တဆမှုကြီး ပေါ်ပေါက်ခဲ့တာလို့ ပြောပါတယ်။ ဒါဟာ စပိန်သမိုင်းမှာ ၁၃ နှစ်အတွင်း အဆိုးဆုံး ရထား မတော်တဆမှု အဖြစ်လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။
အသက်ရှင် လွတ်မြောက်လာသူတွေကတော့ ရထားချင်း ဆောင့်မိပြီး လူတွေ လေထဲ မြောက်တက်သွားပုံ၊ အပျက်အစီးတွေထဲ ပိတ်ညပ်မိနေပုံ၊ ပြတင်းပေါက် မှန်တွေကွဲထွက်ပြီး အပြင်ဖက်ကို လွင့်ထွက်သွားကြပုံတွေကို ပြောပြခဲ့ပါတယ်။

Public Service Announcement
မက်ဒရစ်မြို့တော် တောင်ဖက် မော်ရာနဲ့ အော်ဂက်ဇ် ဧရိယာတွေကြားမှာ ဖြစ်ပွားတဲ့ ရထားတိုက်မှုမှာတော့ ခရီးသည် ၁၄၇ ဦး လိုက်ပါလာခဲ့ပြီး Iryo ကုမ္ပဏီက ပိုင်ဆိုင်တဲ့ အနီရောင် ရထားတစ်စီးဟာ ကွန်ပျူတာစနစ် ချွတ်ယွင်းမှု ပြဿနာကြောင့် ရပ်တန့်နေခဲ့တယ်လို့ ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူယန်တေးက ပြောကြားခဲ့ပါတယ်။
အဲဒီနောက် မက်ဒရစ်မှာရှိတဲ့ ၂၄ နာရီ ထိန်းချုပ်စနစ်က ရထားတွေကို လမ်းညွှန်ကြပ်မတ်ပေးဖို့ လွှဲပြောင်း တာဝန်ယူခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီစနစ်ဟာ ရှင်းမပြနိုင်တဲ့ အမှားတစ်ခုအဖြစ် တခြားရထားတွေကို မြန်နှုန်း ကန့်သတ်ချက် မရှိဘဲ ပြန်လည် ခုတ်မောင်းဖို့ ညွှန်ကြားလိုက်ကြောင်း ဝန်ကြီးက ဆိုပါတယ်။
အဲဒီနောက်မှာတော့ Iryoရဲ့ ရထားကို စပိန်အစိုးရပိုင် ရထားပို့ဆောင်ရေး ကုမ္ပဏီ Renfeရဲ့ ရထားတစ်စီးက နောက်ကနေ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ရထားပေါ်မှာတော့ ခရီးသည် ၃၉၇ ဦး လိုက်ပါလာခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ နေရာက မှတ်တမ်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ Iryoရဲ့ အနီရောင် ရထားနောက်ကနေ Renfeရဲ့ အဖြူရောင် ရထားက ဝင်တိုက်ထားတာကိုတွေ့ရပါတယ်။
တိုက်မိတဲ့ အရှိန်က ပြောမပြတတ်အောင် ပြင်းထန်လွန်းတယ်လို့ Renfeရဲ့ ရထားထဲမှာ လိုက်ပါလာခဲ့သူ အသက် ၆၂ နှစ်အရွယ် ဆယ်လ်ဗာဒေါ အာရစ်ဇာက ပြောကြားခဲ့ပါတယ်။ ရထားတွေ ရပ်သွားတဲ့ အချိန်မှာ ဒဏ်ရာရမထားတဲ့၊ ဒဏ်ရာ သိပ်မပြင်းတဲ့ ခရီးသည်တွေက ပြတင်းမှန်တွေကို ခွဲပြီး အပြင်ကို တိုးထွက်ခဲ့ကြပါတယ်။
ရထားတွဲ တစ်ခုကတော့ မီးစွဲလောင်ခဲ့ပါတယ်။ နာနာကျင်ကျင် အော်ဟစ်နေသူတွေ၊ သွေးအလူးလူးနဲ့ ဆောက်တည်ရာမရ အကူအညီ တောင်းခံနေသူတွေ၊ အပျက်အစီးပုံတွေအောက် ပိမိနေသူတွေကို တွေ့ခဲ့ရတယ်လို့လည်း မျက်မြင်တွေက ပြောပါတယ်။ တွေ့ရကြုံရတာတွေက မမြင်ရက်စရာ အနိဋ္ဌာရုံ အခြေအနေမျိုးလို့ အသက် Iroyရဲ့ ရထားပေါ် ပါလာတဲ့ အသက် ၂၂ နှစ်အရွယ် လူငယ် တစ်ယောက်က ဖွင့်ဟခဲ့ပါတယ်။ သူက ရထားအပြင်ဖက်ကို တိုးထွက်လာခဲ့ချိန်မှာ ခြေလက်အင်္ဂါ မစုံတော့တဲ့ အလောင်းတွေကိုပါ တွေ့ခဲ့ကြောင်း ဆိုပါတယ်။
စပိန် ပြည်သူ့ လုံခြုံရေး ဌာနကတော့ တချို့ သေဆုံးသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့ DNA စစ်ဆေးမှုတွေ လိုအပ်ကြောင်း ကြေညာထားပါတယ်။ စပိန်တစ်နိုင်ငံလုံး ဒီဖြစ်စဉ်ကြောင့် အရမ်း ကြေကွဲ ဝမ်းနည်းနေတယ်လို့ ဝန်ကြီးချုပ် ပက်ဒရို ဟွမ်းချက်ဇ်က ပြောပါတယ်။ သူဟာ အခင်းဖြစ်တဲ့ နေရာကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပါတယ်။ အခိုက်အတန့်လေး တစ်ခုမှာတင် အသက်ပေါင်းများစွာ ဆုံးရှုံးရ၊ မိသားစုတွေ ပျက်စီးပြိုကွဲရ၊ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ကြတယ်လို့လည်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ စပိန်ရဲ့ နိုင်ငံရေးပါတီ အများစုဟာ နောက်လ ရွေးကောက်ပွဲအကြို မဲဆွယ်မှုတွေ၊ လူထုစုဝေးပွဲတွေကို ဖျက်သိမ်းခဲ့ပါတယ်။ ခြွင်းချက်အဖြစ် လက်ယာစွန်းပါတီ Voxကတော့ နိုင်ငံရေး ပါတီတွေရဲ့ အဲဒီလို တုံ့ပြန်မှုမှာ ပါဝင်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ပါတီခေါင်းဆောင် ဆန်တီယေဂို အက်ဘက်စ်ကဲလ်က စပိန် အစိုးရဟာ နိုင်ငံရဲ့ ရထားပို့ဆောင်ရေး အခြေခံ အဆောက်အအုံတွေ အားနည်း ညံ့ဖျင်းတာကို လူတွေ အာရုံမစိုက်နိုင်အောင် ဝမ်းနည်းကြေကွဲမှု ဗန်းပြပြီး ဖုံးကွယ်ဖို့ ကြိုးစားနေကြောင်း စွပ်စွဲခဲ့ပါတယ်။
အခုနှစ်ထဲမှာ စပိန်ဟာ မြန်နှုန်းမြင့် ရထားတွေနဲ့ ပတ်သက်လို့ ဆိုးရွားတဲ့ မတော်တဆမှု တစ်ခုကို ကြုံခဲ့ပြီးသားပါ။ ဇန်နဝါရီလတုန်းက ကော်ဒိုးဘားနားမှာ တူညီတဲ့ ရထားလိုင်း နှစ်ခုကြားမှာပဲ ကြုံခဲ့တဲ့ ဖြစ်စဉ်မှာ လူ ၄၆ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက Iryoရဲ့ ရထားတစ်စီး နောက်တွဲဟာ လမ်းချော်ရပ်တန့်သွားခဲ့ပြီး အဲဒီရထားတွဲကို နောက်မှာ ပါလာတဲ့ Renfeရဲ့ ရထားက အရှိန်ပြင်းပြင်း ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC





















































