Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်စစ်ပွဲကြောင့် ရွေးကောက်ပွဲ ရှုံးခဲ့တာလို့ အမေရိကန် ဒုတိယ သမ္မတပြော

သက်တမ်းဝက် ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီအတွက် ခါးသီးရလဒ်တွေ ကြုံတွေ့ခဲ့ရတာဟာ အီရန်စစ်ပွဲကြောင့် ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က အတိအလင်း ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ - Getty

သက်တမ်းဝက် ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီအတွက် ခါးသီးရလဒ်တွေ ကြုံတွေ့ခဲ့ရတာဟာ အီရန်စစ်ပွဲကြောင့် ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က အတိအလင်း ဝေဖန်ခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ အတိုက်အခံ ဒီမိုကရက်တစ် ပါတီက အောင်ပွဲခံခဲ့ပြီး လွှတ်တော် နှစ်ရပ်လုံးရဲ့ အင်အားအသာစီးနဲ့ ထိန်းချုပ်ခွင့်ကို ရီပတ်ဘလစ်ကန်တွေဆီက လက်လွှဲယူနိုင်ခဲ့ပါတယ်။ ဒီရွေးကောက်ပွဲဟာ ဒေါ်နယ်လ်ထရမ့်ရဲ့ သမ္မတ နေရာနဲ့ သက်ဆိုင်မှု မရှိပေမယ့် သူ့ရဲ့ လက်ကျန် သမ္မတသက်တမ်း ၂ နှစ်မှာတော့ လွှတ်တော်နဲ့ ညှိနှိုင်းရမှုတွေမှာ ပိုမို ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

၂၀၂၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ခြေ ရှိသူတစ်ဦးလို့ သတ်မှတ်ခံရတဲ့ ဗန့်စ်ကတော့ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ပါတီရဲ့ အခြေမလှ ဖြစ်သွားမှုဟာ အီရန် စစ်ပွဲကြောင့်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဗန့်စ်ဟာ ထရမ့်ရဲ့ အစိုးရအဖွဲ့ အတွင်းစည်းထဲမှာ အီရန်စစ်ပွဲကို သဘောမတူခဲ့သူ တစ်ဦးအဖြစ် လူသိများပါတယ်။ တစ်ဖက်မှာတော့ ထရမ့်ကိုယ်တိုင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့က စစ်ပွဲကို လက်တွေ့ ဆင်နွှဲဖို့ အလေးသာခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးခဲ့တဲ့ အကြောင်းရင်းကို အားလုံးနီးပါး သိထားကြပြီး ဖြစ်ကြောင်း၊ ရှုံးနိမ့်ခဲ့တဲ့ အဓိက အကြောင်းရင်းက အီရန် စစ်ပွဲကြောင့်ဖြစ်ကြောင်း၊ ဒါကို သမ္မတ ကိုယ်တိုင်လည်း ထုတ်ပြောထားခဲ့ကြောင်း ဗန့်စ်က ဆိုပါတယ်။

အီရန် စစ်ပွဲကို ဆင်နွှဲခဲ့တာက လာမယ့် ၆ နှစ်စာ အထက်လွှတ်တော် ထိန်းချုပ်ခွင့်ကို ဆုံးရှုံးခဲ့ရတာနဲ့ ထိုက်တန်ပါတယ်လို့ ယူဆရင်တော့ ပြိုင်မငြင်းလိုကြောင်း၊ ဒါပေမဲ့ အဲဒါကတော့ ပြန်ပေးဆပ်ရတဲ့ တန်ကြေးဖြစ်ခဲ့ကြောင်း၊ လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ ရိုးသားဖို့တော့ လိုကြောင်း ဗန့်စ်က ရေးသားထားပါတယ်။

ဘာကြောင့် ရှုံးခဲ့သလဲ ဆိုတာကို လူတိုင်း သိနေပြီးသား ဖြစ်သလို ဘယ်လို ဆက်သွားမလဲ ဆိုတာကိုလည်း အခုအချိန်က စပြီး ဆွေးနွေးဖို့ လိုအပ်လာကြောင်း ဗန့်စ်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အခြေအနေ ဆိုးခဲ့တဲ့နောက် ထရမ့်ကိုယ်တိုင်ကလည်း အီရန်စစ်ပွဲဟာ ဒီရလဒ်ကို ဦးတည်စေတဲ့ အကြောင်းရင်း တစ်ခုဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ Wall Street ဂျာနယ်က ဖုန်းဆက်ပြီး အင်တာဗျူးခဲ့တဲ့အခါ အီရန်ကိစ္စဟာ ရလဒ်ဆိုးရဲ့ အစိတ်အပိုင်း တစ်ခုလို့ သူလည်း ထင်ကြောင်း၊ ဒါပေမဲ့ အခုတော့ အဲဒီအကြောင်းကို တွေးမနေတော့ကြောင်း၊ သူက မှန်တဲ့ကိစ္စကို လုပ်ခဲ့ပြီး နောက်တစ်ကြိမ် ပြန်ဆုံးဖြတ်ခွင့် ရမယ်ဆိုရင် တူညီတဲ့ အခြေအနေကိုပဲ ရွေးမှာဖြစ်ကြောင်း ထရမ့်က ဖြေကြားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

Facebook