Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့နယ်မှာ ဒေသခံပြည်သူတွေ ဆေးကုသနေတဲ့ဆေးရုံကို စစ်တပ် ဗုံးကြဲ

CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ဦး သေဆုံး၊ လူနာတွေလည်း ဒဏ်ရာရ

(စစ်တပ်က ကောလင်းမြို့အရှေ့ခြမ်း၊ မုတ်ဝကျေးရွာစာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကို ၂၀၂၅ ဒီဇင်ဘာ ၁၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - Kawlin Revolution-KR)

နိုဝင်ဘာ-၅၊၂၀၂၆။အိမ်သွင်/ People’s Spring

စစ်ကိုင်းတိုင်၊ ကောလင်းမြို့နယ်မှာ ဒေသခံပြည်သူတွေ ဆေးကုသပေးနေတဲ့ဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင် ကျန်းမာရေးဝန်ထမ်း ၅ဦးသေဆုံးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ပါတယ်။

ကောလင်းမြို့နယ်အရှေ့ခြမ်း လျှော်ဖြူကုန်းကျေးရွာက ဆေးရုံကို နိုဝင်ဘာ ၄ရက် ည၇နာရီမှာ စစ်တပ်က ဗုံးကြဲခဲ့တာဖြစ်ပါတယ်။မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတာလို့ Kawlin Revolution-KR က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းမကြီးဖြစ်တဲ့ ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုးရှုခင်းသာနေရာမှာလည်း စစ်ဘေးရှောင်အမျိုးသမီး ၁ဦးနဲ့ အမျိုးသား ၂ဦးကို စစ်တပ်က သတ်ဖြတ်သွားတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အသတ်ခံရသူတွေက ကျောင်းကုန်းကနေ စစ်ဘေးရှောင်သွားတဲ့ အသက် (၄၀) ကျော်အရွယ် ဒေါ်သင်းသင်းလှနဲ့ ထီးချိုင့်ကနေ စစ်ဘေးရှောင်နေတဲ့ အသက် (၃၀) ဝန်းကျင်အရွယ် ကိုကြက်ရိုး၊ နောက် ၁ဦးကိုတော့ မသိရသေးဘူးလို့ ဒေသတွင်းလုံခြုံရေးနဲ့စစ်ရေးအခြေအနေတွေကိုထုတ်ပြန်ပေးနေတဲ့ Indaw Revolution – IRက သတင်းထုတ်ပြန်ထားပါတယ်။

” ကျမအမက စစ်ရှောင်နေရတာပါ။ စစ်ကြောင်းနဲ့တိုးပြီး ဓားနဲ့ထိုးသတ်သွားတာ”လို့ သေဆုံးသူအမျိုးသမီးတစ်ဦးရဲ့ ဝမ်းကွဲညီမ တော်စပ်သူကပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေက အင်းတော်-ထီးချိုင့်လမ်းကနေတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၃ရက်မှာ ဝင်ရောက်လာတာပါ။ ဒိုးပင်ရွာ၊ကျောက်တန်းရွာနဲ့ မုတ်ဝကျေးရွာတွေကို ရောက်ရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ကောလင်း၊ဝန်းသို၊အင်းတော်၊ မော်လူး၊ ထီးချိုင့်နဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ စစ်တပ်ရဲ့လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားသလို ဒီနေ့ နိုဝင်ဘာ ၅ရက်မှာလည်းစစ်တပ်က ကောလင်းနဲ့မော်လူးမြို့နယ်ဘက်ကို ဗုံးကြဲနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေလို့ အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားတွေက နိုင်ငံတကာနဲ့ ကုလကို တောင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ၊ ဝီရဌာနေ မြို့နယ်တွေက သားဖွားဆောင်အပါအဝင် အရပ်သားနေထိုင်ရာနေရာတွေကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ မွေးကင်းစ ကလေးငယ် ၁ဦးအပါအဝင် သေဆုံးသူ (၁၂) ဦးရှိခဲ့ပြီး (၁)နှစ်အထက် ကလေးငယ်တွေအပါအဝင် လူကြီး လူငယ် စုစုပေါင်း (၃၂) ဦးအထိဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Facebook