■စစ်တပ်ယာဥ်တန်းအနီးကပ်မလိုက်ဖို့ ၊ကသာ-အင်းတော်(အမှတ်-၃)လမ်း၊ကသာမော်လူးလမ်းအသုံးမပြုဖို့PDF သတိပေး
■စစ်အုပ်စုက အရပ်သားယာဉ်တန်းအနီး ဗုံးကြဲ
နိုဝင်ဘာ-၅၊၂၀၂၆။အိမ်သွင်၊ကတ်သရင်း/People’s Spring
မော်လူးမြို့နယ်အတွင်း စစ်တပ်ကလေကြောင်းနဲ့ လက်နက်ကြီးတွေအသုံးပြုပြီးအပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် မြို့အနီး ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်နဲ့ ကုန်တင်ကားတွေ အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

Public Service Announcement
မော်လူးမြို့နဲ့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲနေသလိုမော်လူးမြို့အနီးပတ်၀န်းကျင်ကို လက်နက်ကြီးတွေရမ်းသမ်းပစ်ပြီး ဒရုန်းတွေနဲ့လည်း ဗုံးကြဲနေတယ်လို့အသိပေးထားပါတယ်။
ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေ၊ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ နဘားကျေးရွာဖက်ကို အမြန်ဆုံးရွှေ့ပြောင်းထွက်ခွာကြဖို့ လည်းသတိပေးထားတာဖြစ်ပါတယ်။
ဒါအပြင် ဒီကနေ့ ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ကသာခရိုင် အမှတ်(၁)တပ်ရင်းကလည်း တပ်ရင်းရဲ့စစ်ရေးလှုပ်ရှားနယ်မြေဖြစ်တဲ့ ကသာ-ထီးချိုင့် အမှတ်(၃)ကားလမ်း၊ ကသာ-မော်လူးကားလမ်းတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲပြင်းထန်စွာဖြစ်နေတဲ့အတွက် ခရီးသွားတွေအသုံးပြုရန် လုံးဝ (လုံးဝ)မသင့်တဲ့အခြေအနေဖြစ်တယ်လို့ သတိပေးထားပါတယ် ။ တပ်ရင်းက စစ်တပ်ရဲ့ယာဥ်တန်းကို တိုပ်ခိုက်ချေမှုန်းရမှာဖြစ်တဲ့အတွက် ခရီးသွားပြည်သူတွေထိခိုက်နစ်နာမှုမရှိစေရန် စစ်တပ်ယာဥ်တန်းနဲ့ကပ်မလိုက်ဖို့ အထူးသတိပေးမေတ္တာရပ်ခံကြောင်း အသိပေးထားပါတယ်။
အခုသတိပေးချက်ထုတ်ပြန်တဲ့ နိုဝင်ဘာ ၅ ရက်မှစပြီး ဖြတ်သန်းသွားလာလို့ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို မိမိဘာသာတာဝန်ယူရမှာဖြစ်ပြီး ကသာခရိုင်အမှတ်(၁)တပ်ရင်းကလုံးဝတာဝန်ယူဖြေရှင်းမှာ မဟုတ်ဘူးလို့လည်းဆိုပါတယ်။ဒါကြောင့်ဖြတ်သန်းသွားလာခွင့်ပြုမှ အသုံးပြုကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အခုသတိပေးချက်ဟာပြည်သူတွေထိခိုက်နစ်နာမှုမရှိအောင်ရည်ရွယ်ထုတ်ပြန်တာလို့ ဖော်ပြထားပါတယ် ။
နိုဝင်ဘာ ၅ ရက် နေ့ ၊နေ့လယ်ပိုင်းမှာ စစ်တပ်က ယာဥ်တန်းပေါ်ကိုဗုံးကြဲလို့ ကားမီးလောင်သလို လူထိခိုက်မှုတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် စာသင်ကျောင်းကိုဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးတစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်တပ်က နိုဝင်ဘာလ ၅ရက်မှာ မော်လူး၊ ကောလင်း၊အင်းတော်၊ ကျွန်းလှမြို့နယ်တွေကို လေကြောင်းကနေဗုံးကြဲနေတယ်လို့သိရပါတယ်။
ဒါကြောင့်အရပ်သားရှိတဲ့နေရာတွေကိုဗုံးမကြဲဖို့လည်း ဒေသခံတွေနဲ့ ယာဉ်မောင်းတွေကတောင်းဆိုနေကြပါတယ်။
နိုဝင်ဘာလ၄ရက်နေ့ညကလည်း ကောလင်းမြို့နယ်မှာဒေသခံပြည်သူတွေကိုဆေးကုသပေးနေတဲ့ဆေးရုံကို စစ်တပ်ကဗုံးကြဲလို့ CDM ဆရာဝန် ဒေါက်တာဇာနည်ထွန်းအပါအဝင်ကျန်းမာရေးဝန်ထမ်းငါးဦးသေဆုံးခဲ့ပြီးဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေလည်းဒဏ်ရာရရှိခဲ့ပါတယ်။





















































