နို၀င်ဘာ-၆၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်မှာ စစ်တပ်ရဲ့ လေကြောင်း၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ နေရာရွှေ့ပြောင်းနေကြရတယ်လို့ စစ်ရှောင်အရေးကူညီသူတချို့က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲနေရာမဟုတ်တဲ့နေရာတွေကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူတွေဟာ လုံခြုံမယ်ထင်တဲ့နေရာတွေကို ထပ်မံရွှေ့ပြောင်းနေရကြရတာလို့ ဆိုပါတယ်။
“မိသားစုလိုက် ထပ်ပြီး ရွှေ့နေကြရတဲ့သူတွေထဲမှာ စားနပ်ရိက္ခာ မလုံလောက်ကြတာတွေများတယ်။ဒါတွေအတွက် သူတို့ရှိတဲ့နေရာထိ ကျွန်တော်တို့သွားကူရတာတွေ ရှိတယ်”လို့ ကရင်နီပြည်နယ်က လင်းလက်စစ်ဘေးရှောင်အရေးကူညီရေးအသင်းအဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement
တိုက်ပွဲမဖြစ်တဲ့နေရာတွေကို စစ်တပ်ရဲ့ ဗုံးကြဲသတ် ဖြတ်မှုတွေက နေ့စဉ်ရှိနေပြီး ကလေးငယ်တွေပါသေဆုံးမှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
“စစ်ရှောင်ရတဲ့ကာလ ကလည်းကြာလာသလို အခုနောက်ပိုင်း စားနပ်ရိက္ခာအခက်အခဲက ပိုများလာတယ်”လို့ ကရင်နီပြည်နယ်စစ်ရှောင်အရေးကူညီသူတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်က အောက်တိုဘာ ၃၁ရက် နေ့လယ်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုတွေကြောင့် လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်စခန်းစာသင်းကျောင်းက ကျောင်းသား ၃ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာအတွင် စစ်တပ်ရဲ့ လေကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် စစ်ရှောင်ပြည်သူ ၂၆ ဦး သေဆုံးခဲ့ရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒေသခံပြည်သူ ၂ သိန်းကျော်ပဲရှိတဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်တဲ့ ကရင်နီပြည်မှာ နေရပ်စွန့်ခွာနေရတဲ့ ပြည်သူ ၁သိန်းခွဲ၀န်းကျင်ရှိပြီး စစ်ရှောင်စခန်း ၅၀၀ ကျော်မှာ နေထိုင်နေရတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ၂၀၂၆ ဩဂုတ်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က သူတို့ရဲ့အုပ်ချုပ်မှုနယ်မြေအတွင်း ပြည်သူတွေ ပြန်လာအောင် အရပ်သားတွေကို အကြမ်းနည်းနဲ့ပစ်မှတ်ထားတိုက်ခိုက်နေတာလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။
လက်တလောမှာ စစ်တပ်က လွိုင်ကော်မြို့ကို အခြေပြုပြီးအုပ်ချုပ်ရေး ယန္တရားကိုလည်ပတ်နေပေမယ့် ဒေသခံပြည်သူအနည်းစုသာပြန်လည်၀င်ရောက်ပြီး အများစုက စစ်တပ်မိသားစု၀င်တွေနဲ့ သူတို့ကိုထောက်ခံသူတွေ ဖြစ်တယ်လို့ သိရပါတယ်။





















































