နိုဝင်ဘာ ၆၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ရန်ကုန်မြို့၊ လှည်းတန်း ဗဟိုလမ်းမပေါ်မှာ ဆိုင်ရှေ့ ဖုန်းပြောနေတဲ့ ဆိုင်ဝန်ထမ်းကို ကားနဲ့ ရောက်ရှိလာသူတွေက ပေါ်တာဆွဲ ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။
ကမာရွတ်မြို့နယ်၊ လှည်းတန်း ဗဟိုလမ်းမပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက ညဘက် ဆိုင်ရှေ့ဖုန်းထွက်ပြောနေတဲ့ ဝန်ထမ်းအမျိုးသားငယ် ၁ဦးကို ပေါ်တာဆွဲသူတွေလို့ ယူဆရတဲ့ လူတစ်စုက ကားနဲ့ ရောက်ရှိလာပြီး ဓားကိုင်ကာ လိုက်လံဖမ်းဆီးတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
အဆိုပါဖြစ်စဥ်နဲ့ ပတ်သက်ပြီး CCTV မှတ်တမ်းရုပ်သံကို ဆိုင်ရှင်ဖြစ်သူက ၎င်းရဲ့ TikTok လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်မျှဝေထားတာဖြစ်ပါတယ်။

Public Service Announcement
ဖြစ်စဥ်မှာ ညဘက် ဆိုင်ဝန်ထမ်းအမျိုးသားငယ်ဟာ ဆိုင်ရှေ့ ထွက်ပြီး ဖုန်းပြောနေစဥ် ကား ၁စီး ရောက်ရှိလာပြီး မရပ်မီကပင် အော်ဟစ်ဆဲဆိုခဲ့ကြောင်း၊ ဆိုင်ဝန်ထမ်းငယ်မှာ အန္တရာယ်ရှိတာကို ရိပ်မိပြီး ဆိုင်အတွင်းသို့ အမြန်ဝင်ရောက်ပြေးလွှားနိုင်ခဲ့ပြီး ကားပေါ်မှ ဆင်းလာသူမှာ လက်ထဲ ဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ဆိုင်ရှေ့အထိ ရောက်လာခဲ့ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းများအရ သိရပါတယ်။
“ယောကျာ်းလေးတွေ ညဘက်မှာ ကိုယ့်ဆိုင်ရှေ့ပေမဲ့၊ ကိုယ့်အိမ်ရှေ့ပေမဲ့ ထွက်ထိုင်တာက အန္တရာယ်များလာတယ်။ ဒီမှာကြည့် ကျမဆိုင်ရှေ့မှာ ကျမဆိုင်က ဝန်ထမ်းက ထွက်ပြီးတော့ ဖုန်းပြောနေတာ။ အဲဒီအချိန်မှာ ကားတစ်စီးနဲ့ ရောက်ချလာပြီး ကားမရပ်ခင်ကတည်းက အော်ဆဲလာတော့ ကလေးက သိသွားတော့ ဝင်ပြေးလိုက်တယ် ဆိူင်ထဲကို။ သူက ဆိုင်အထိ ဓါးကြီးနဲ့ လိုက်လာတာနော်။ လက်ထဲမှာ ဓါးပါတယ်။ ကိုယ့်ဆိုင်ဖြစ်နေလို့ပေါ့။ လမ်းဘေးမှာသွားနေတဲ့ ကလေးတွေသာဆို ဘယ်လိုလုပ်မလဲ”လို့ဆိုင်ရှင်ဖြစ်သူက လူမှုကွန်ရက်မှာ သတိပေး ပြောထားပါတယ်။
ဒေသခံတွေ ပြောပြချက်အရ ရန်ကုန်မြို့ နေရာအချို့မှာ ညဘက်လူငယ်အမျိုးသားတွေကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဖြစ်စဥ်တွေ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။
”အရင်က လှည်းတန်းမှာနေတုန်းကဆိုရင် လှိုင်သာယာ အဝေးပြေးနားမှာ ဆွဲခံရဖူးတယ်။ အဲဒီတုန်းက ကျောင်းသားပါဆိုပြီး ကျောင်းသားကတ်တွေပါ ပြလိုက်ရလို့ လွတ်လာတာ။ အားလုံး လက်တွေ့မှာ ဂရုစိုက်ကြပါ”လို့ အဆိုပါ လှည်းတန်းဖြစ်စဥ်ရုပ်သံအောက်မှာ မှတ်ချက်ပြု ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက် ညကလည်း ရန်ကုန်၊ စမ်းချောင်းမြို့နယ် ဂွဈေးအနီးမှာ လူငယ် ၁ဦးကို စစ်အုပ်စုက ကား ၂စီးနဲ့ ပေါ်တာဆွဲဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရုပ်သံမှတ်တမ်းပါ ထွက်ပေါ်လာခဲ့ပါသေးတယ်။ လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာတဲ့ရုပ်သံဖိုင်မှာ ကားပေါ်အသင်းဆွဲတင်ခံနေရတဲ့လူငယ်လေးကအော်ဟစ်ငြင်းဆန်နေတာ တွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခု နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။




















































