နိုဝင်ဘာ-၆၊ ၂၀၂၆။ People’s Spring
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေမှုကို လျှော့မတွက်ဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေး ပြောကြားပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ အစီရင်ခံစာအပေါ် အထွေထွေဆွေးနွေးခြင်း အစီအစဥ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံမျက်နှာစုံညီမှာ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီးက တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂတရားရုံးလည်းဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးကွန်ဗင်းရှင်းအောက်မှ တရားစွဲဆိုထားတဲ့အမှုနဲ့ပတ်သက်လို့ လာမယ့် နိုဝင်ဘာ ၁၉ရက်မှာ ရုံးတော်က စီရင်ချက်ချမှတ်ဖို့ သတ်မှတ်လျာထားတဲ့အပေါ် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေတယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ ပြောပါတယ်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း နိုင်ငံတကာတရားမျှတရေးအတွက် မယိမ်းယိုင်တဲ့ ကတိကဝတ်ထားရှိမှုကို အစဉ်တစိုက် ထုတ်ဖော်ပြသခဲ့တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။ NUG ဟာ ICJ ရဲ့ စီရင်ချက်တွေကို လက်ခံကာ ပဏာမကန့်ကွက်ချက်တွေအားလုံးကိုလည်း ရုပ်သိမ်းခဲ့ပြီး ရုံးတော်ရဲ့အမိန့်များကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။
ဂမ်ဘီယာနဲ့ မြန်မာအမှုကိစ္စအပေါ် ICJ က စီရင်ဆုံးဖြတ်တဲ့အခါမှာ ရိုဟင်ဂျာများနဲ့ မြန်မာပြည်သူတရပ်လုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ဖို့ လေးလေးနက်နက် မျှော်လင့်ထားကြောင်းနဲ့ အဲဒီလို ဆောင်ကြဥ်းနိုင်မှသာ ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်နိုင်မှာဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအမှုကိစ္စမှာ တရားစီရင်ချက်တစ်ခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်နိုင်မှာမဟုတ်ဘဲ နိုင်ငံတကာအသိုင်းအဝိုင်းက အဲဒီစီရင်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး လုပ်ဆောင်လိုတဲ့ သန္နိဋ္ဌာန်ကိုလည်း လိုအပ်ကြောင်း သံအမတ်ကြီးက ထောက်ပြဆွေးနွေးပါတယ်။
ICJရဲ့ စီရင်ချက်ကို တိကျစွာ အကောင်အထည်ဖော်ခြင်းဟာ ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့နဲ့ အလားတူ နိုင်ငံတကာရာဇဝတ်မှုများ နောက်ထပ် ထပ်မံမဖြစ်ပွားစေဖို့ တားဆီးရာမှာ အဓိကသော့ချက် ဖြစ်လာမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေကို အကောင်အထည်ဖော် အရေးယူဖို့ ပျက်ကွက်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးဆက်များကို မြန်မာနိုင်ငံတဝန်းမှာ အချိန်နဲ့အမျှ လက်တွေ့ မြင်တွေ့ ခံစားနေရကြောင်း သံအမတ်ကြီးက ဆက်ပြောပါတယ်။
စစ်အုပ်စု တရားမဝင်စစ်အာဏာသိမ်းခဲ့ချိန်ကစလို့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ (၅)နှစ်တာ ကာလအတွင်း စစ်အုပ်စုဟာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စစ်ဘေးရှောင်စခန်းများနဲ့ ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခိုက်တိုက်ခိုက်ခြင်းများကို ထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ သံအမတ်ကြီးက ကုလအစည်းအဝေးမှာ အစီရင်ခံပါတယ်။
စစ်အုပ်စုဟာ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတို့ကိုလည်း စနစ်တကျ ကျူးလွန်ခဲ့တယ်လို့ ဆက်လက်တင်ပြပါတယ်။
အလားတူ စစ်အုပ်စုဟာ ပြည်သူများ အကြောက်တရား စိုးမိုးစေဖို့နဲ့ ပြည်သူများကို ဖိနှိပ်ဖို့ တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်း၊ စစ်ကြောရေးစခန်းများမှာ ဆိုးရွားစွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့စီရင်ကွပ်မျက်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုများကို ရည်ရွယ်ချက်ရှိသော နည်းဗျူဟာများအဖြစ် တစိုက်မတ်မတ်အသုံးချခဲ့ကြောင်းလည်း သံအမတ်ကြီး ကုလအစည်းအဝေးမှာ ပြောပါတယ်။
ဒါကြောင့် စစ်အုပ်စုက နိုင်ငံတကာ ရာဇဝတ်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို အပြီးတိုင် ရပ်တန့်နိုင်ဖို့နဲ့ တရားမျှတမှုအပေါ် ထားအပ်သော ကတိကဝတ်များကို ထိရောက်သော လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲနိုင်ဖို့အတွက် စစ်အုပ်စုဆီ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းနဲ့ ငွေကြေး ထောက်ပံ့နေမှုတို့ကို ဖြတ်တောက်ဖို့လည်း သံအမတ်ကြီးက တောင်းဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အရေးတစုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကို လွှဲပြောင်းတင်သွင်းပေးဖို့ သံအမတ်ကြီးက ထပ်မံတောင်းဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာကနေ အပြီးတိုင် ချုပ်ငြိမ်းဖို့လိုအပ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ မဖြစ်မနေ ထွန်းကားရမှာ ဖြစ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။




















































