Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်း ကိုစစ်အုပ်စုပြန်ပို့ခိုင်းတဲ့အ​ပေါ်ထိုင်းကန့်ကွက်မယ်

CI ဖျက်သိမ်း​ရေးထိဆက်သွားမယ်လို့ မြန်မာလုပ်သားအ​​ရေး​ဆောင်ရွက်သူ​ပြော

နိုဝင်ဘာ-၆၊၂၀၂၆။People’s Spring

ထိုင်းရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲခိုင်းတဲ့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရက ကန့်ကွက်မယ်လို့ ထိုင်းအလုပ်သမားရေး ဝန်ကြီးက​ပြောပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာထိုင်းအလုပ်သမားရေး ဝန်ကြီးက အဲဒီ သတ်မှတ်ချက်ဟာ နိုင်ငံတကာ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောပါတယ်။ စစ်တပ်ဟာ ထိုင်းရောက် မြန်မာလုပ်သား​တွေကို CI လုပ်ပေးတဲ့အခါ အဲဒီလို ငွေလွှဲထားကြောင်း စာရွက်စာတမ်းအထောက်အထားတွေ တောင်းဆိုပါတယ်။ အထောက်အထား မပြနိုင်ရင် CI လုပ်မ​ပေးပါဘူး။

CI လျှောက်နေရတာက နှစ်ထပ်ကွမ်း အခွန်ဆောင်ရသလို ဖြစ်နေတဲ့အတွက် ထိုင်းအစိုးရ အနေနဲ့ ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့တင် ထိုင်းမှာ အလုပ်လုပ်ခွင့် ပေးဖို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက တောင်းဆိုထားပေမယ့်လည်း ထိုင်း အလုပ်သမား ဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ်က CIကတ် ထုတ်ပေးတဲ့ CI စင်တာတွေရဲ့ အခန်းကဏ္ဍက လိုအပ်နေဆဲလို့ နိုဝင်ဘာ ၆ ရက်နေ့မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

CIကတ် ရဖို့အတွက် လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာဖက် ငွေပြန်လွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသဖို့ CI စင်တာတွေမှာ တောင်းဆိုတဲ့ ကိစ္စကို ထိုင်းဖက်က ကန့်ကွက်ထားကြောင်း ဂျူလာပေါင်က ဆိုပါတယ်။

နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီ အစည်းအဝေး တက်ရောက်ပြီးတဲ့နောက် ဂျူလာပေါင်က ညွန့်ပေါင်း အစိုးရမှာ ပါဝင်တဲ့ ဖျူထိုင်းပါတီ ရုံးချုပ်မှာ အခုသဘောထား မှတ်ချက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။သူကမြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာ သံအမတ်ကြီးနဲ့လည်း နှစ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးပြီလို့ ဆိုပါတယ်။

သူ့ရဲ့ဝန်ကြီးဌာနဟာလည်း အခုလို ငွေပြန်လွှဲထားကြောင်း အထောက်အထား တောင်းဆိုတဲ့ မြန်မာဖက်က သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ထိုင်းရဲ့ ကန့်ကွက်မှုကို နိုင်ငံခြားရေး ဝန်ကြီးဌာနကနေတဆင့် မြန်မာအလုပ်သမားဝန်ကြီးဌာနဆီကိုရော၊ မြန်မာသံရုံးဆီကိုပါ တရားဝင် ပေးပို့ဖို့ စီစဉ်နေကြောင်း ဂျူလာပေါင်က အတည်ပြုခဲ့ပါတယ်။

အဲဒီ စည်းမျဉ်း သတ်မှတ်ချက်ဟာ အခြေအမြစ် ကင်းမဲ့သလို နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေ၊ ပြည်ပရောက် အလုပ်သမားတွေရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် စံနှုန်းတွေနဲ့လည်း ကင်းကွာနေတယ်လို့ သူက ပြောပါတယ်။

တစ်ဖက်မှာတော့ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အချက်အလက်တွေကို စုဆောင်းယူပြီး CIကတ် ထုတ်ပေးနေတဲ့ CI စင်တာတွေကို ဆက်ပြီး ဖွင့်လှစ်ခွင့် ပေးထားမယ်လို့ ဝန်ကြီးကဆိုပါတယ်။ ထိုင်းအစိုးရက ကိုယ်တိုင် ထုတ်ပေးတဲ့ အသိအမှတ်ပြု စာရွက်စာတမ်းဖြစ်တဲ့ ပန်းရောင်ကတ်ရှိတဲ့တိုင် အလုပ်သမားတွေရဲ့ မူရင်းနိုင်ငံ၊ နိုင်ငံသားဖြစ်မှု မှတ်တမ်း၊ သန်းခေါင်စာရင်းနဲ့ ဇီဝအချက်အလက်တွေကို မှတ်တမ်း ယူဖို့တော့ CI စင်တာတွေက လိုအပ်နေဆဲလို့ ဂျူလာပေါင်က ဆိုပါတယ်။

“ဝန်ကြီးပြောတာက CI ကိုဆက်သွားမယ်ပေါ့။ ဒါပေမယ့် ၂၅ရာခိုင်နှုန်းကိစ္စကိုတော့ ကန့်ကွက်တယ်လို့ ဒီကနေ့ သတင်းထောက်တွေကို ပြောလိုက်တယ်။ ကျနော်တို့ကတော့ CI ဖျက်သိမ်းရေးပဲ ဆက်သွားမယ်။ CI ဖျက်သိမ်းမယ်ဆိုတာ စကစရဲ့ နိုင်ငံသားတွေ မဟုတ်ကြောင်း ပြသတဲ့အရာပေါ့။ အဲဒါကို ကျနော်တို့က နိုင်ငံရှာရမယ့် သဘောလို့ သူတို့ကထောက်ပြတာပေါ့” ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ကွန်ယက်ရဲ့ဆူရတ်ဂ်ျဂီရီ က ပြောပါတယ်။

CI စင်တာတွေဟာ ထိုင်းပိုင်နက်ထဲမှာ လုပ်ငန်း လည်ပတ်နေတာဖြစ်ပြီး ထိုင်းရဲ့ ပြည်ပ အလုပ်သမား စီမံခန့်ခွဲမှု အခန်းကဏ္ဍမှာ အရေးကြီးတဲ့အစိတ်အပိုင်းကနေ ဆက်လက် ပါဝင်နေဆဲလို့လည်း ဝန်ကြီးက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း CI စင်တာတွေကို ပိတ်ပစ်စေမယ့်အစား CI ထုတ်ပေးမှု လုပ်ထုံး

လုပ်နည်းတွေမှာ နိုင်ငံတကာ စံနှုန်းနဲ့ ညီ

ညွတ်အောင် မြန်မာဖက်နဲ့ ဆွေးနွေးဖို့ပဲ ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနက ရည်ရွယ်ထားကြောင်း သိရပါတယ်။

နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး မူဝါဒ ကော်မတီဟာ ထိုင်းမှာ အလုပ်သမား ပြတ်လပ်မှုနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ ထိခိုက်ပြတ်တောက်မှု မဖြစ်စေဖို့ ရည်ရွယ်ပြီး ဖြေလျှော့မှု တချို့ကိုလည်း လက်ခံ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းကုန်မယ့် ရွှေ့ပြောင်း လုပ်သားတွေရဲ့ ပါမစ်သက်တမ်းကို ၂၀၂၉ ဖေဖော်ဝါရီ ၁၃ ရက်နေ့ထိ တိုးပေးဖို့ စီစဉ်ထားပါတယ်။ ပြီးတော့ ထိုင်းအစိုးရဟာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးမြှင့်ပေးဖို့ စီစဉ်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ခံထားရသူတွေဟာ သတ်မှတ်ထားတဲ့ ခရိုင်တွေထဲမှာ တခြားစာရွက်စာတမ်းတွေ မလိုဘဲ အလုပ်လုပ်ခွင့် ရမှာဖြစ်ပြီး သူတို့အတွက် အလုပ်လုပ်ခွင့် ပါမစ်ကို တစ်နှစ်ကနေ နှစ်နှစ်ဆီ တိုးမြှင့်ပေးမယ်လို့ သိရပါတယ်။

ပြည်ပရွှေ့ပြောင်း အလုပ်သမား အားလုံးကို ထိုင်းရဲ့ တရားဝင် မှတ်ပုံတင်မှု စနစ်ထဲ ဝင်ရောက်လာစေရေးဟာ သူ့ရဲ့ ဝန်ကြီးဌာနက ဦးစားပေး အကောင်အထည် ဖော်နေတဲ့ အစီအမံ ဖြစ်ကြောင်းလည်း ဂျူလာပေါင်က ပြောကြားသွားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ