နို၀င်ဘာ-၈၊၂၀၂၆။ဇော်၀င်း/People’s Spring
တရုတ်ကြွေးမြီ နဲ့ အတိုးအတွက် မြန်မာနိုင်ငံက တစ်ရက်ဒေါ်လာတစ်သန်းနီးပါး (ကျပ်လေးဘီလီယံခွဲ ၀န်းကျင်)ပေးနေရပါတယ်။
ကမ္ဘာ့ဘဏ်ကနောက်ဆုံးထုတ်ပြန်တဲ့ကြွေးမြီဆိုင်ရာ အစီရင်ခံစာမှာ အတိုးနှုန်းနဲ့ မူရင်းချေးငွေပေးနေရတဲ့အချက်အလက် တွေအရ အခုနှစ် မြန်မာနိုင်ငံက တရုတ်နိုင်ငံကိုအခုနှစ်ဇန်နဝါရီလကနေ နို၀င်ဘာအထိ ဒေါ်လာ ၃၄၃ ဒသမ ၃၄၉ သန်း ပေးခဲ့ရပါတယ်။
အခုလ ၅ ရက်နေ့အထိ နောက်ဆုံးအချက်အလက်တွေအရ မြန်မာနိုင်ငံရဲ့ပြည်ပချေးငွေက ဒေါ်လာ ၁၁ ဘီလီယံနီးပါးရှိတယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီထဲမှာ လစဉ် အတိုးပေးနေရတဲ့ နိုင်ငံနဲ့ အဖွဲ့အစည်းစာရင်း တွေအရ တရုတ်နိုင်ငံကိုပေးနေရတာ အများဆုံးဖြစ်နေတာ တွေ့ရပါတယ်။
ချေးငွေရယူထားမှုက နိုင်ငံတကာအဖွဲ့အစည်း၊အစိုးရ အချင်းချင်းနဲ့ အစိုးရ မဟုတ်တဲ့ သီးခြား ပုဂ္ဂလိက အဖွဲ့အစည်းတွေဆီ ပေးရတဲ့ ပမာဏတွေကိုလည်း သီးခြားဆီ ဖော်ပြထားပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းတွေ ဖြစ်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ၊အာရှအခြေခံအဆောက်အအုံ ရင်း နှီးမြှုပ်နှံမှုဘဏ်၊၊ဥရောပ စီးပွားရေး အသိုက်အဝန်း၊နိုင်ငံတကာ စိုက်ပျိုးရေးဖွံ့ဖြိုးရေးရန်ပုံငွေ၊အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ နဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးအသင်းတွေဆီ ချေးငွေနဲ့ကြွေးမြီပြန်ဆပ်ရတာတချို့လည်း ရှိပါတယ်။
ဒါ့အပြင် တရုတ်၊ဂျပန်၊အိန္ဒိယ၊ထိုင်း၊ ဩစတြီးယား၊တရုတ်၊ဖင်လန်၊ပြင်သစ်၊ဂျာမနီ၊ဗြိတိန်၊နယ်သာလန်၊ပိုလန်နဲ့ ဆော်ဒီ နိုင်ငံတွေဆီလည်း အတိုးနဲ့ မူရင်းချေးငွေတွေထဲကတချို့ကို ပေါင်းစပ်ပေးချေနေရပါတယ်။
အစိုးရချင်း မဟုတ်ဘဲ သီးခြား ပုဂ္ဂလိက အဖွဲ့အစည်းတွေဆီက ချေးငွေ ရယူထားမှုတွေမှာ တရုတ်တစ်နိုင်ငံတည်းကနေ ရယူထားတာ တွေ့ရပါတယ်။
ဒေါ်လာ လေးဘီလီယံနီးပါး အများဆုံးချေးပေးထားတဲ့ ဂျပန် နိုင်ငံကို လစဉ်ဆပ်ရတဲ့ အတိုးနှုန်း နဲ့ မူရင်းချေးငွေအရ တစ်လကို ဒေါ်လာရှစ်သန်းကျော်ရှိပါပါတယ်။
ဒါ့အပြင်လာမယ့်နှစ်အတွက် တရုတ်ကိုပေးရမယ့် မြန်မာနိုင်ငံကပေးရမယ့် ချေးငွေနဲ့ အတိုးနှုန်းကလည်း ဒေါ်လာသန်း ၃၀၀ ၀န်းကျင်ရှိပါတယ်။
ကြွေးမြီဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံက နိုင်ငံတကာအဖွဲ့အစည်းတွေဆီက ချေးငွေ ဒေါ်လာ ၃ ဒသမ ၄၆ ဘီလီယံ နဲ့ အစိုးရချင်း နှစ်နိုင်ငံအပြန် အလှန်ချေးငွေ ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ကျော် နဲ့ အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက တွေဆီက ချေးငွေက ဒေါ်လာတစ်ဘီလီယံကျော် အပါအ၀င် အကူအညီပေးရေး အေဂျင်စီတွေဆီက ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနီးပါး ချေးထားတယ်လို့ သိရပါတယ်။
မြန်မာကတရုတ်နိုင်ငံဆီက ရယူထားတဲ့ ချေးငွေ ပမာဏ နဲ့ အတိုးနှုန်းအချက်အလက် အသေးစိတ်ကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
“ဝင်ငွေနည်းပါးပြီး အလယ်အလတ်ရှိတဲ့ နိုင်ငံတွေဟာချေးငွေ ပိုမိုရယူလာကြရပြီး အတိုးနှုန်းနဲ့ ကုန် ကျစရိတ် ပိုမိုပေးဆောင်နေရတယ်။ နေရာအတော်များများမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျန်ရှိတဲ့ ဘဏ္ဍာငွေ ပိုမိုနည်းပါးသွားစေပါတယ်”လို့ ကမ္ဘာ့ဘဏ် စာရင်းအင်းမှူးချုပ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဒေတာဆိုင်ရာ ညွှန်ကြားရေးမှူး ဟိုင်ရှန်းဖူ က ကြွေးမြီဆိုင်ရာအစီရင်ခံစာ နဲ့ ပတ်သက်ပြီး ပြောပါတယ်။
မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှုနောက်ပိုင်း တရုတ်နိုင်ငံဆီကလွဲလို့ နိုင်ငံတကာက ချေးငွေသစ်တွေ ထပ်မရရှိတော့တဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတာနဲ့မလာတော့တာတွေကြောင့် စစ်တပ်ရဲ့ ဒေါ်လာ ငွေချုပ်ကိုင်မှုတွေနဲ့ နိုင်ငံခြားငွေရလမ်းဖြစ်တဲ့ ပြည်ပလုပ်သားတွေရဲ့ လစာငွေကိုပြန်လွှဲပေးဖို့ ဖိအားပေးတာတွေ ဆက်တိုက်ဖြစ်လာပါတယ်။
ပြည်ပကြွေးမြီ (External Debt) အတိုးနှုန်းတွေကို ဆပ်ရတဲ့အခါ နိုင်ငံတစ်နိုင်ငံရဲ့ ကဏ္ဍအသီးသီးနဲ့ ပြည်သူတွေက ပုံစံအမျိုးမျိုးနဲ့ ဒဏ်ကို ခံကြရပါတယ်။
ပြည်ပကြွေးမြီနဲ့အတိုးဆပ်ဖို့အတွက် ပြည်သူတွေဆီက အခွန်တိုးကောက်တာ၊ကုန်စည်နဲ့ ၀န်ဆောင်မှုလုပ်ငန်း တွေဆီက အခွန်တိုးကောက်တာတွေကြောင့် ကုန် ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပြည်သူတွေခံစားရတယ်လို့ ကမ္ဘာ့စီးပွားရေးစစ်တမ်းတချို့မှာ သုံးသပ်ထားပါတယ်။
ပြည်ပ ကြွေးမြီအတိုးဆပ်ဖို့ လိုအပ်တဲ့ဒေါ်လာအတွက် အာဏာပိုင်တွေရဲ့ကန့်သတ်ချက်တွေကြောင့် လက်ရှိမြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေရင်ဆိုင်နေရတဲ့ ဒေါ်လာရှားပါးမှုဆိုတာနဲ့ တိုက်ဆိုင်ပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ ကြွေးမြီဆိုင်ရာအစီရင်ခံစာ မှာမြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေရှစ်ရာခိုင်နှုန်း နီးပါးကို ပြည်ပကြွေးမြီနဲ့ အတိုးနှုန်းတွေ ပြန်လည်ပေးဆပ်ရာတွင်အသုံးပြုနေရတယ်လို့ ဖော်ပြပါတယ်။




















































