နိုဝင်ဘာ-၉၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံရောက်တရားဝင်ပြည်ပ အလုပ်သမား စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ မြန်မာလုပ်သားတွေဖြစ်တယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။
ထိုင်းမှာရှိတဲ့ နိုင်ငံခြားအလုပ်သမား ၄.၂ သန်းထဲကပျမ်းမျှ ၁၀ ဦးရှိတိုင်း ၈ ယောက်နီးပါးဟာ မြန်မာလုပ်သားတွေ ဖြစ်နေတာကို ကြည့်ရင် ထိုင်းရဲ့ စီးပွားရေးဟာ အိမ်နီးချင်း နိုင်ငံရဲ့ ရွှေ့ပြောင်း လုပ်သားထုအပေါ် ဘယ်လောက် ကြီးကြီးမားမား မှီခိုထားရသလဲ ဆိုတာကို မြင်သာစေကြောင်း ထိုင်းရဲ့ PBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်အကိုင်ရေးရာ ဌာနခွဲရဲ့ အဆိုအရ စက်တင်ဘာလတုန်းက ထိုင်းမှာ ပြည်ပ ရွှေ့ပြောင်းအလုပ်သမား ၄.၂ သန်းကျော် ရှိခဲ့ပြီး မြန်မာနိုင်ငံသားဦးရေက ၃.၃၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒုတိယနေရာမှာတော့ လာအိုနိုင်ငံသားအရေအတွက် ၃ သိန်း ၆ သောင်းကျော်နဲ့ ရပ်တည်နေပြီး တတိယ နေရာမှာ ကမ္ဘောဒီးယား နိုင်ငံသား ၂ သိန်း ၈ သောင်းနီးပါးရှိနေပါတယ်။ ဗီယက်နမ်ကတော့ ၁ သောင်းကျော်လောက် ရှိနေပါတယ်။

Public Service Announcement
ကိန်းဂဏန်းတွေကို လေ့လာကြည့်မယ်ဆိုရင် ထိုင်းဟာ အလုပ်သမား လိုအပ်ချက်ကို ဖြည့်ဆည်းရာမှာ တရားဝင်လုပ်သား ခေါ်ယူမှုတွေထက် အစိုးရကသီးခြားခွင့်ပြုပေးတာ၊ ဖြေလျှော့ပေးတာမျိုးရွေးချယ်ခွင့်တွေကို အဓိက အားပြုနေတာကို တွေ့နိုင်ကြောင်းလည်း သတင်းက ဆိုပါတယ်။
ပြည်ပအလုပ်သမား စုစုပေါင်းရဲ့ ၃.၃၄ သန်း၊ တစ်နည်းအားဖြင့် ၇၉ ရာခိုင်နှုန်းဟာ နိုင်ငံရဲ့ အလုပ်သမား ပြတ်လပ်မှု ပြဿနာ ပြေလျော့စေဖို့ ထိုင်းအစိုးရက ပြည်တွင်းမှာ နေထိုင်ခွင့် ပြုထားတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
နိုင်ငံခြား အလုပ်သမား ၆၃၇၀၀၀ လောက်၊ တစ်နည်းအားဖြင့် ၁၅ ရာခိုင်နှုန်းကသာ အစိုးရအချင်းချင်းချိတ်ဆက်မှု၊ တရားဝင် ခေါ်ယူမှုတွေနဲ့ ထိုင်းမှာ အလုပ်လာလုပ်နေတာဖြစ်ပါတယ်။ နိုင်ငံခြား အလုပ်သမား အများစုဟာ ကုန်ထုတ်လုပ်ငန်း၊ အိမ်အကူ၊ ဆောက်လုပ်ရေး လုပ်သား၊ရေလုပ်ငန်းစတဲ့ အလုပ်ကြမ်းတွေအတွက် မှတ်ပုံတင်ထားတာလို့လည်း ဆိုပါတယ်။
နိုင်ငံခြား အလုပ်သမားတွေထဲက ၁.၂ သန်းနီးပါးဟာ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေဖြစ်ပြီး အဲဒီနောက်မှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင် ဝန်ထမ်း အရေအတွက် ၈ သိန်းကျော်နဲ့ ဒုတိယ အများဆုံးအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။
ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့် ရထားတဲ့ နိုင်ငံခြားသား အလုပ်သမား စုစုပေါင်းရဲ့ ထက်ဝက်ဟာ ဘန်ကောက်နဲ့ အနီးတဝိုက် ပြည်နယ် ၅ ခုမှာ ရှိနေပါတယ်။ ဘန်ကောက်ရဲ့ အနောက်တောင်ဖက်မှာတည်ရှိပြီး ပင်လယ်စာ ထုတ်လုပ်ရေး ပင်မရင်းမြစ် တစ်ခုဖြစ်တဲ့ ဆမွတ်ဆခွန်ကတော့ ဘန်ကောက်ပြင်ပမှာ တရားဝင် ရွှေ့ပြောင်းလုပ်သား အများဆုံး နယ်မြေအဖြစ် ရှိနေပြီးလုပ်သား ၃၅၈,၅၈၅ ဦး အလုပ်လုပ်နေပါတယ်။ အဲဒီနောက်မှာတော့ ချွန်ဘူရီမှာ ၃၁၆,၉၃၆ ဦး၊ ဆမွတ် ပရာကန်မှာ ၃၁၃,၄၄၈ ဦးစီ အသီးသီး ရှိနေကြောင်း သိရပါတယ်။
အခြားဆက်စပ်သတင်းတစ်ရပ်မှာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနဲ့လာအိုရွှေ့ပြောင်းအလုပ်သမားတွေဟာ သတ်မှတ်ထားတဲ့ ၄ နှစ်တာအလုပ်လုပ်ခွင့်သက်တမ်း ပြည့်သွားပြီးရင် ပုံမှန်အားဖြင့် ရက် ၃၀ စောင့်ဆိုင်းရတဲ့ အချက်ကို မလိုတော့ဘဲ အလုပ်ဆက်လုပ်ခွင့်ရဖို့ ထိုင်းအစိုးရက စီစဉ်နေတယ်လို့ ထိုင်းသတင်းဌာန Khaoaod ကဖော်ပြပါတယ် ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း ၄ နှစ်တာအလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးမယ့် အလုပ်သမားတွေ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ကိုးကား: Thai PBS




















































