နိုဝင်ဘာ-၉၊၂၀၂၆။ထားမြတ်/People’s Spring
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၆ရက်က ကော့ကရိတ်မြို့နယ် သံကလောင်ရွာ၊ ဓမ္မသရွာနဲ့ ကော့ဘိန်းကျေးရွာတွေက စစ်တပ်ကို RMA ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်တပ်က ထိခိုက်ဒဏ်ရာရတယ်လို့ သိရပေမဲ့ အသေးစိတ် စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
စစ်ဆင်ရေးအတွင်း RMA ရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့လည်း အသိပေးထားပါတယ်။
RMA ဟာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်တပ်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။
အောက်တိုဘာ ၃၁ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ဒူးရားရွာဘက်ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို RMAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျွန်းကျေးရွာက စစ်တပ်စခန်းကို RMAက သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပါတယ်။
RMA တပ်ဟာ တဖွဲ့တည်း စစ်ရေးဖော်ဆောင်တာရှိသလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် ဒေသတွင်း တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီးလည်း စစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာ ရှိပါတယ်။




















































