တရုတ် သူလျှို တစ်ဦးနဲ့ ရှုပ်ထွေးဆက်နွှယ်မှု ရှိခဲ့ကြောင်း သတင်းတွေအပေါ် ဝန်ခံခဲ့ပြီး လူမှုရေး ဖောက်ပြန်ခဲ့မှုအတွက် ဇနီးကို ပြန်တောင်းပန်မယ်လို့ Nvidia ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က ပြောကြားခဲ့ပါတယ်။
ဉာဏ်ရည်တု နည်းပညာ (AI)အတွက် လိုအပ်တဲ့ အဆင့်မြင့် ချစ်ပ်တွေ ထုတ်လုပ်နေတဲ့ အမေရိကန် လုပ်ငန်းစုကြီး Nvidiaက ကုမ္ပဏီရဲ့ အမှုဆောင်ချုပ်ဟာ နိုင်ငံရပ်ခြား သူလျှိုပြု ထောက်လှမ်းမှုတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရကြောင်း သတင်းတွေအတွက် စုံစမ်းစစ်ဆေးသွားမယ်လို့ နိုဝင်ဘာ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။
Fiancial Times အပါအဝင် သတင်းဌာန တချို့က ဟွမ်ဟာ တရုတ် အမျိုးသမီး တစ်ဦးနဲ့ လူမှုရေး အရှုပ်အထွေး ရှိခဲ့တယ် ဆိုတာကို အမေရိကန် ထောက်လှမ်းရေး ရင်းမြစ်တွေကို ကိုးကား ဖော်ပြခဲ့ပါတယ်။ အဲဒီ အမျိုးသမီးဟာ တရုတ်ရဲ့ အဓိက စပိုင်အေဂျင်စီကြီးဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာနရဲ့ သိမ်းသွင်းမှုကို ခံထားရကြောင်း သိရပါတယ်။
သတင်းတွေကတော့ ဟွမ်နဲ့ ဇာတ်ရှုပ်ခဲ့တဲ့ အမျိုးသမီးဟာ စင်ကာပူ အခြေစိုက် Megaspeed ကုမ္ပဏီရဲ့ အမှုဆောင် တစ်ဦးဖြစ်သူ အဲလစ်ဟွမ် ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Megaspeedဟာ တရုတ်ဆီကို အမေရိကန်ရဲ့ နည်းပညာမြင့် AI ချစ်ပ်စ်တွေ တင်ပို့တာကို ကန့်သတ် တားဆီးထားရာကနေ ကျော်လွှားနိုင်အောင် ကူညီပေးနေတယ်လို့ သံသယ ရှိတဲ့အတွက်လည်း အမေရိကန်က စုံစမ်း စစ်ဆေးနေပါတယ်။ New York Times သတင်းဌာနက Megaspeedဟာ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း Nvidiaဆီက ဒေါ်လာ ၂ ဘီလီယံဖိုးလောက် ချစ်ပ်စ်တွေ ဝယ်ယူခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

Public Service Announcement
လက်ရှိ အရှုပ်အထွေးတွေနဲ့ ပတ်သက်ပြီး ဟွမ်ကိုယ်တိုင် ရှင်းပြဖို့လည်း အမေရိကန် လွှတ်တော်အမတ်တွေက ဖိတ်ခေါ်ထားကြောင်း သတင်းတွေက ဆိုပါတယ်။ နိုဝင်ဘာ ၈ ရက်မှာတော့ ဟွမ်က သူဟာ နှစ် ၄၀ ပေါင်းသင်းခဲ့တဲ့ ဇနီးဖြစ်သူ လော်ရီ မီးလ် ဟွမ်အပေါ် သစ္စာဖောက်မိကြောင်း ဝန်ခံခဲ့ပါတယ်။
သူ့လုပ်ရပ်ဟာ ဇနီးနဲ့ သားသမီးတွေကို ထိခိုက် နာကျင်စေခဲ့ကြောင်း၊ သူလုပ်ခဲ့တဲ့ ကိစ္စအတွက် ဘာဆင်ခြေမှ မပေးချင်သလို အလေးအနက် စိတ်မကောင်း ဖြစ်မိကြောင်း Nvidia ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အီးမေးလ် တစ်စောင်မှာ ဟွမ်က ရေးသားထားပါတယ်။
သူ့အနေနဲ့ ကုမ္ပဏီကိုရော၊ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကိုပါ ဆက်ပြီး အထောက်အပံ့ ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်းလည်း ဟွမ်က ဆိုပါတယ်။ အသက် ၆၃ နှစ်အရွယ် ဟွမ်ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့ အသားတင် ကြွယ်ဝမှုဟာ ဒေါ်လာ ၁၆၂ ဘီလီယံကျော် ရှိပါတယ်။ ဒါဟာ ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်ကြီး ဝါနာဘဲဖတ်နဲ့ တူညီတဲ့ ကြွယ်ဝမှု ပမာဏမျိုးလည်း ဖြစ်ပါတယ်။
အခုဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေမှာ ဖြစ်ပေမယ့် ဟွမ်ဟာ Nvidiaရဲ့ အမှုဆောင်ချုပ်အဖြစ် ဆက်ရှိနေမယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့ပါတယ်။
ဟွမ်ရဲ့ လူမှုရေး အရှုပ်အထွေးနဲ့ သူလျှိုကိစ္စ ဆက်နွှယ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ဟွမ်ဖက်က ထောက်ခံ ရပ်တည်ခဲ့ပါတယ်။ ဟွမ်က ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးဖြစ်ပြီး အခုဖြစ်ရပ်အတွက် အကြောင်းပြချက်လည်း ရှိနိုင်ကြောင်း၊ သူ့အမြင်ကို နားထောင်ပေးဖို့သာ လိုကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။
ပြီးတော့ ဟွမ်ရဲ့ကိစ္စကို လောလောဆယ် သူ့အနေနဲ့ ဘာမှ ဝင်မဆွေးနွေးလိုဘဲ အားလုံး အဆင်ပြေပြေ ဖြစ်သွားဖို့သာ မျှော်လင့်ကြောင်းလည်း ထရမ့်က ဆက်ပြီး ပြောကြားသွားပါတယ်။
ကိုးကား: TBS




















































