ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပြီး ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ အစားထိုးလိုက်တာကြောင့် ဆိုတာမျိုးက ငပျင်းတွေပေးတဲ့ ဆင်ခြေလို့ Nvidia အမှုဆောင်ချုပ် ဂျန်ဆန်ဟွမ်က ပြောကြားလိုက်ပါတယ်။
အမေရိကန် နည်းပညာ လုပ်ငန်းစုကြီး Nvidiaဟာ AIကို ထောက်ပံ့ပေးမယ့် မောင်းနှင်မှုအတွက် စွမ်းဆောင်ရည် အမြင့်ဆုံး ချစ်ပ်တွေ ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။
CNA သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဟွမ်က AIနဲ့ ပတ်သက်ပြီး အကျိုးအပြစ်တွေအပေါ် သူ့သဘောထား အမြင်တွေကို ပြောကြားသွားခဲ့ပြီး အဲဒီ နည်းပညာသစ်အပေါ် အပြုသဘောဆောင်တဲ့ အနာဂတ်မျိုးကနေပဲ ရှုမြင်စေချင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
သူက နိုင်ငံတကာ စီးပွားရေးနဲ့ နည်းပညာ လုပ်ငန်းကြီးတွေမှာ ဝန်ထမ်းအင်အား လျှော့ချတဲ့အခါ AIနဲ့ အစားထိုးဖို့ ဆိုတာမျိုး အကြောင်းပြချက် ပေးလေ့ရှိတာကို ဝေဖန်သွားခဲ့ပါတယ်။ AIကြောင့် လူတွေ အလုပ်အကိုင် ဆုံးရှုံးရပါတယ် ဆိုတဲ့ ဇာတ်လမ်းမျိုးတွေ ဖန်တီးနေတာဟာ အတော်လေး အပျင်းထူတဲ့ ဆင်ခြေဖြစ်ကြောင်း၊ AIဟာ လတ်တလောမှာ တွင်ကျယ်လာတဲ့ နည်းပညာဖြစ်ပြီး ဘယ်လိုကြောင့်များ လူတွေကို အလုပ်အကိုင် ဆုံးရှုံးစေမှာလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

Public Service Announcement
AIတွေက သေချာ အသုံးဝင်ပြီး အဆင်ပြေပြေ ဖြစ်စပြုလာတာ ၆ လလောက်သာ ရှိသေးကြောင်း၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်လောက် ကတည်းက AIကြောင့်ပါဆိုပြီး ဝန်ထမ်းတွေကို အလုပ်ဖြုတ်တဲ့ ကိစ္စတွေ ရှိနေခဲ့ကြောင်း၊ ဒါဟာ လုံးဝ ယုတ္တိ ကင်းမဲ့နေကြောင်း ဟွမ်က ဆိုပါတယ်။
ကုမ္ပဏီကြီးတွေဟာ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တဲ့အခါ AIကို အပြစ်ပုံချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စမတ်ကျတယ်လို့ ထင်နေကြကြောင်း၊ ဒီအခြေအနေကို သူကတော့ အရမ်းမုန်းတီးမိကြောင်း၊ ဒီလုပ်ရပ်ဟာ AIအပေါ် လူတွေ ကြောက်ရွံ့ မုန်းတီးလာအောင် တွန်းပို့နေပြီး တာဝန်မဲ့လွန်းတယ်လို့ ခံစားမိကြောင်းလည်း ဟွမ်က ပြောကြားသွားပါတယ်။
သူက ဘယ်ကုမ္ပဏီတွေကို ရည်ရွယ်ပြောဆိုသလဲ ဆိုတာကိုတော့ တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ AIကို အကြောင်းပြချက်ပေးပြီး ဝန်ထမ်းအင်အား လျှော့ချတဲ့ ဖြစ်စဉ်တွေက မကြာသေးခင် လပိုင်းတွေမှာ ဆက်တိုက် ပေါ်ပေါက်လာနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ Standard Chartered ဘဏ်လုပ်ငန်း အမှုဆောင်ချုပ် ဘီလ်ဝင်းတားစ်က လူ့အရင်းအမြစ်ကို နည်းပညာ အခြေပြု အစားထိုးမှုတွေ ပြုလုပ်နေတဲ့အတွက် လာမယ့် ၄ နှစ်အတွင်း ဝန်ထမ်း ၇၀၀၀ လောက်ထိ လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်တော့ ဝေဖန်သံတွေ ဆူညံလာတဲ့အတွက် ဝင်းတားစ်က သူ့ရဲ့ မှတ်ချက်စကားအပေါ် ပြန်ပြီး တောင်းပန်ခဲ့ရပါတယ်။
ဟွမ်ကတော့ လူတွေ အနေနဲ့ AIကြောင့် သူတို့ရဲ့ အလုပ်တွေ ဆုံးရှုံးသွားမှာကို ကြောက်လန့်နေမယ့်အစား AIကို ထိထိရောက်ရောက် အသုံးချနိုင်အောင် သင်ယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ လူတိုင်း နားလည်ထားရမှာက ကိုယ့်အလုပ်ကို AIဆီ ဆုံးရှုံးလိုက်မှာ မဟုတ်ဘဲ AIကို ကိုယ့်ထက် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်အောင် လေ့လာ သင်ယူထားသူ တစ်ယောက်ယောက်ဆီ ဆုံးရှုံးသွားမယ်ဆိုတာဖြစ်ကြောင်း ဟွမ်က ပြောပါတယ်။
ကွန်ပျူတာတွေ ပေါ်လာချိန်မှာ အဲဒီ ကွန်ပျူတာတွေက လူတွေရဲ့ အလုပ်ကို လုယူခဲ့တာ မဟုတ်ဘဲ ကွန်ပျူတာ မကိုင်တွယ်တတ်တဲ့ သူတွေကသာ နောက်ကျကျန်နေပြီး အလုပ်အကိုင်တွေ ဆုံးရှုံးကုန်တာ ဖြစ်တယ်လို့လည်း သူက ဥပမာ ပေးခဲ့ပါတယ်။
အတိတ်ကို ပြန်ကြည့်တဲ့အခါ နည်းပညာတွေက စဉ်ဆက်မပြတ် ပြောင်းလဲခဲ့ကြောင်း၊ AIကလည်း အဲဒီ ရေစီးကြောင်းထဲက အစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး လာမယ့် ၅ နှစ်အတွင်း AIကြောင့် အလုပ်နေရာ အသစ်တွေတောင် အများကြီး ထွက်ပေါ်လာနိုင်ကြောင်း သူက ပြောပါတယ်။
AIကြောင့် ကုမ္ပဏီတွေရဲ့ ထုတ်လုပ်နိုင်စွမ်းနဲ့ အကျိုးအမြတ်တွေ တိုးလာတဲ့အခါ AI နည်းပညာနဲ့ အကျွမ်းတဝင် ရှိသူတွေကို ပိုပြီး ငှားရမ်းမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင် နေရာတွေ တိုးလာလိမ့်မယ်လို့ သူက သုံးသပ်ပြခဲ့ပါတယ်။
ဟွမ်က သူ့ရဲ့ Nvidia ကုမ္ပဏီဆိုရင်လည်း အခုအခါ ဝန်ထမ်းအသစ်တွေကို တိုးချဲ့ ခေါ်ယူနေရပြီး ရည်မှန်းချက် ကြီးကြီးနဲ့ ရှေ့ကို ချီတက်နေတယ်လို့ ဆက်ပြောပါတယ်။ အရင်က အောင်မြင်အောင် ၁၀ နှစ်လောက် အချိန်ယူရတဲ့ ကိစ္စတွေကို အခုအခါမှာတော့ ၁ နှစ်၊ ၂ နှစ်လောက်အတွင်း လက်တွေ့ အကောင်အထည် ဖော်လာနိုင်နေပြီ ဖြစ်ကြောင်း၊ လူတွေဟာ ကိုယ့်ရည်မှန်းချက်ကို နည်းပညာ တိုးတက်မှုနဲ့ တပြေးညီ မြှင့်တင်ဖို့ လိုကြောင်း၊ မျက်မှောက်ကာလရဲ့ နည်းပညာတွေနဲ့ အလျဉ်မီအောင် မလိုက်နိုင်ရင် ဘယ်သူမဆို နောက်မှာ ပြတ်ကျန်နေမှာ ဖြစ်ကြောင်း၊ သူကတော့ အားလုံးကို အဲဒီ နည်းပညာတွေနဲ့ ထိတွေ့နေကြဖို့ပဲ တိုက်တွန်းလိုကြောင်း ဟွမ်က CNAနဲ့ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။
ကိုးကား: CNA


















































