နိုဝင်ဘာ-၁၅၊၂၀၂၆။မိထက်/People’s Spring
စက်သုံးဆီပြတ်လပ်နေလို့ လယ်သမားတွေရော လမ်းပန်းဆက်သွယ်ရေးပါ အခက်အခဲကြုံနေတဲ့အပေါ် လိမ်လည်ပြီး သတင်းထုတ်ပြန်တဲ့ ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့ကို ပြည်သူတွေက ဝေဖန်နေပါတယ်။
ဧရာဝတီတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်အများစုမှာ နိုဝင်ဘာ ၈ရက်ကစတင်ပြီး စက်သုံးဆီ ပြတ်လပ်မှုပြန်ဖြစ်ခဲ့တဲ့အတွက် ကားတွေ၊ဆိုင်ကယ်တွေနဲ့ သုံးဘီးယာဉ်တွေဟာ အချိန်ကြာမြင့်စွာ တန်းစီပြီးမှ ဆီအနည်းငယ်ရခဲ့တာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၅ရက်အထိ စက်သုံးဆီ လုံလုံလောက်လောက်ဝယ်လို့မရသေးဘဲ ဆီဆိုင်အချို့မှာ တန်းစီနေရဆဲဖြစ်ပါတယ်။ တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှုမရှိဘဲ သတ်မှတ်ချက်နဲ့အညီ စနစ်တကျရောင်းချပေးနေကြောင်းနဲ့ ဆီပြတ်လပ်မယ်ဆိုတဲ့ ကောလဟာလသတင်းတွေအပါ် စိုးရိမ်ပူပန်ရန်မလိုအပ်ကြောင်း ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့က နိုဝင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
အဲဒီထုတ်ပြန်ချက်အပေါ် ဒေသခံပြည်သူတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။။
” ဘယ်လိုကောင်စားတွေ အုပ်ချုပ်နေတယ်မသိပါဘူး။ ဆီက ၂နာရီလောက်တန်းစီပြီးမှ ခွဲတန်းနဲ့ရတာပါ။ အေးကျော်ဆိုတဲ့ကောင်က ဆီဆိုင်ပိုင်ရှင်တွေနဲ့ ပလူးနေတော့ အောက်ခြေမှာဘာတွေဖြစ်နေတယ်ဆိုတာမသိဘူး။ မရှက်တတ်ဘူး”လို့ ဇလွန်မြို့ခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ခရိုင် ၈ခု၊ မြို့နယ်ပေါင်း၂၆မြို့နယ်၊ မြို့ပေါင်း ၄၀ကျော်ရှိပြီး မြို့အများစုမှာ ဆီပြတ်လပ်ခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီဆိုင်ပေါင်း၂၃၀ကျော်ရှိပြီး နိုဝင်ဘာ ၈ရက်နောက်ပိုင်း မြို့တိုင်းမှာ ဆီတန်းစီပြီးဝယ်ယူခဲ့ကြရပါတယ်။
” ဆီရမယ်မှတ်လို့ တန်းစီတာ၊ ကိုယ့်အလှည့်ရောက်ခါနီးကျမှ ကုန်ပြီဆိုလို့ မရခဲ့ဘူး။ အုပ်ချုပ်ချင်တဲ့ကောင်တွေ မြေပြင်ကိုဆင်းကြည့်”လို့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် တောင်သူတွေအနေနဲ့ လယ်ထွန်ဖို့နဲ့ တောင်ယာခင်းတွေရေတင်ဖို့ ဆီဝယ်လို့ မရတဲ့အတွက် လုပ်ငန်းတွေရပ်ထားရတယ်လို့ မြန်အောင်မြို့ကလယ်သမားတစ်ဦးက ဒီနေ့ နိုဝင်ဘာ ၁၅ရက်မှာ ပြောပါတယ်။
စက်သုံးဆီပြတ်လပ်မှုမရှိကြောင်း ဧရာဝတီတိုင်းစစ်ကောင်စီအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အောက်မှာ မှတ်ချက်ပေါင်း၂၀၀ကျော်ရှိပြီး အများစုက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပါတယ်။
စစ်တပ်ကခန့်အပ်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် အေးကျော်ဟာ တိုင်းအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပေါင်းပြီး အကျိုးစီးပွားဆက်စပ်မှုတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
“ဦးအေးကျော်က နယ်တွေကိုခဏခဏသွားတယ်။ မြို့ခံသူဌေးတွေက ဧည့်ခံရတယ်။ လက်ရှိဆီပြတ်လပ်တဲ့ပြဿနာမှာလည်းအဲ့ဒီလိုပဲ။ ဆိုင်ရှင်တွေဘက်ကပဲသူကကြည့်ပြီး ဒေသခံတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကို သူလုံးဝမသိဘူး”လို့ လပွတ္တာမြို့ခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်နေကြောင်း လူမှုကွန်ရက်ပေါ်မှာပြောဆိုနေသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးနေပါတယ်။ နိုဝင်ဘာ ၁၀ရက်က လပွတ္တာမြို့နယ်မှာ စက်သုံးဆီတန်းစီနေတဲ့ဗွီဒီယို TikTok မှာတင်တဲ့ အမျိုးသားကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။
အေးကျော်ဟာ ပြီးခဲ့တဲ့သြဂုတ်က ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပငဝန်မြစ်ရေကာတာကျိုးကျခဲ့လို့ ရေဘေးကြုံတွေ့စဉ်ကလည်း မြေပြင်အခြေအနေနဲ့လက်တွေ့မကျတဲ့ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
သာမာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလဟောဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး ၂လကနေ ၃ လအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ရက်အတွင်းရေပြန်ကျရင် စပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ သူက ပြောခဲ့ပါတယ်။ ရေက ၂လနီးပါးအထိနစ်မြုပ်ခဲ့ပြီး စပါးခင်းတွေလည်းပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် တာကျိုးပေါက်ကိုရက်ပိုင်းအတွင်း ပိတ်မယ်လို့ ပြောခဲ့ပေမယ့် ၂လကြောတဲ့အထိ ပိတ်ဆို့နိုင်ခြင်းမရှိခဲ့ပါဘူး။
လက်ရှိမှာ တိုင်းအတွင်းစက်သုံးဆီပြတ်လပ်မှုမရှိဘဲ သတ်မှတ်ချက်နှင့်အညီ စနစ်တကျရောင်းချပေးနေကြောင်းသတင်းထုတ်ပြန်ချက်ကို စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကပါ ပြစ်တင်ဝေဖန်နေကြတာဖြစ်ပါတယ်။
” ဦးအေးကျော်ကို စစ်ဆေးသင့်တယ်။ ခရိုနီတွေနဲ့ တရုန်းရုန်းဖြစ်နေတယ်။ ဆီဆိုင်တွေက သူ့ပါးစပ်ပေါက်ကို ငွေနဲ့ပိတ်ထားတယ်”လို့ ပုသိမ်မြို့က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။





















































