နိုဝင်ဘာ-၁၅၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ဧရာဝတီတိုင်းအတွင်းဒေသခံ တောင်သူ နဲ့လယ်သမားတွေက ဧရာဝတီမြစ်အပါအဝင် ဒေသတွင်း မြစ်၊ချောင်းတွေကနေ စက်နဲ့ ရေတင်တာကို စစ်အုပ်စုရဲ့ဆည်မြောင်းဝန်ထမ်းတွေက ရေဖိုး တောင်းယူနေပါတယ်။
မြန်အောင်၊ဓနုဖြူ နဲ့ ဇလွန်မြို့မှာဧရာဝတီမြစ်ကမ်းဘေးက ငရုတ်ခင်း၊ မြေပဲခင်းတွေကို ရေစုပ်စက်နဲ့ ရေတင်တဲ့အခါငွေကြေးတောင်းယူနေတာလို့ဒေသခံတွေကပြောပါတယ်။
“တစ်နေ့ကိုသုံးသောင်းပေးရတယ်။ဆည်မြောင်းဝန်ထမ်းတွေကတောင်းတာပါ။ ရေတင်ဖို့ ဆီဖိုးပိုပေးရတာတစ်မျိုး။သူတို့ကိုပေးရတာက တစ်မျိုး”လို့ ဓနုဖြူမြို့က တောင်သူလယ်သမားတစ်ဦးကပြောပါတယ်။

Public Service Announcement
ဧရာဝတီတိုင်းမှာ နွေစပါးနဲ့ပဲမျိုးစုံစိုက်ပျိုးတဲ့ လယ်မြေတွေအပြင် ငရုတ်၊ပြောင်း၊ ဆေးရွက်ကြီး၊ ဂေါ်ဖီတို့လို ရာသီပေါ် သီးနှံတွေစိုက်ပျိုးတဲ့ မြေနုကျွန်းတွေလည်း ရှိပါတယ်။ ရေသွင်းဖို့လိုတဲ့ စိုက်ခင်းတွေအတွက် မြစ်ချောင်းတွေထဲကနေ ရေစုပ်စက်တွေနဲ့ ရေသွင်းရတာပါ။
“အရင်က မပေးရဘူး။ အခုက အောက်ဆိုက်ရှာကြတာ။ ကျတော်တို့တစ်ကွင်းလုံးဆို ဧကရာချီတယ်။တစ်နေ့တစ်နေ့ ကျတော်တို့ တောင်သူလယ်သမားတွေဆီကနေ သဲ့ယူနေတဲ့ ငွေက မနည်းဘူး”လို့ ဇလွန်မြို့က လယ်သမားတစ်ဦးကပြောပါတယ်။
စစ်တပ်လက်အောက်ခံဆည်မြောင်းဌာနဟာ မြစ်ကြောင်းထိန်းသိမ်းရေးနဲ့ တာတမံတွေကြံ့ခိုင်ရေးကို တာဝန်ယူရတဲ့ဌာနဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြစ် ကြောင်းထိန်းသိမ်းရေးနဲ့တာတမံတွေကြံ့ခိုင်ရေးကို မလုပ်ခဲ့တဲ့အတွက် ဧရာဝတီတိုင်းမှာတာကျိုးပြီး ဆိုးရွားတဲ့ရေ ဘေးကြုံတွေ့ခဲ့ပါတယ်။
ဧရာဝတီ တိုင်းလေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ကငဝန်မြစ်ရေကာတာကျိုးပြီး မြို့နယ်ခြောက်မြို့နယ်ရေဘေးကြုံခဲ့ပါတယ်။ လူ ၂၀ကျော် သေဆုံးပြီး လယ်ဧကအများအပြား ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ မြန်အောင်၊ ဇလွန်နဲ့ညောင်တုန်းမြို့တွေမှာ ဧရာဝတီမြစ်ရေကာတာ နိမ့်ကျတဲ့အတွက် အရေးပေါ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ကြရပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမအောင်တဲ့အတွက် ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရသလို လက်ရှိမှာလည်း နည်းမျိုးစုံနဲ့ငွေကောက်ခံနေတဲ့အတွက် အခက်အခဲတွေကြုံတွေ့နေတယ်လို့ ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လက ဧရာဝတီတိုင်းရေဘေးကို စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိချိန်မှာ ခရိုနီတွေက အလှူငွေ စုစုပေါင်းငွေကျပ် ၂၃ ဘီလီယံကျော်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီငွေတွေကိုဘယ်လိုသုံးစွဲနေတယ်ဆိုတာလည်း စစ်ကောင်စီကထုတ်ပြန်ရှင်းလင်းထားခြင်းမရှိပါဘူး။ လက်ရှိမှာ ဒေသခံတောင်သူလယ်သမားတွေကို မျိုးစပါးနဲ့သီးနှံတွေ၊ စက်သုံးဆီတွေဖြန့်ဝေပေးနေတယ်လို့ ဧရာဝတီတိုင်းအစိုးရကထုတ်ပြန်ထားပေမယ့်လိုအပ်ချက်ရဲ့ ဆယ်ပုံတစ်ပုံတောင် မရရှိဘူးလို့ ဒေသခံလယ်သမားတွေကပြောပါတယ်။
“အကူအညီအထောက်အပံ့တွေမရတဲ့အပြင် မြစ်ထဲကရေကိုတောင်မှပဲပိုက်ဆံလာတောင်းနေတယ်။ကြာရင် လယ်ယာလုပ်ငန်းခွင်ကို စွန့်ပစ်ရမယ့်အခြေအနေပါ”လို့မြန်အောင်မြို့ကလယ်သမားတစ်ဦးကပြောပါတယ်။





















































