နိုဝင်ဘာ – ၁၅ ၊၂၀၂၆
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ချဉ်းကပ်မှု၊ ရပ်တည်မှုတွေကို လျှော့ချပေးလိုက်မှာ မဟုတ်ကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က အတည်ပြုခဲ့ပါတယ်။
အာဏာသိမ်း မြန်မာစစ်တပ်ကို အာဆီယံရဲ့ ထိပ်သီး အစည်းအဝေးတွေမှာ ပြန်လည် တက်ရောက်ဖို့ ခွင့်ပြုလာနိုင်ကြောင်း စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာ အာဆီယံဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အာဆီယံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အဖွဲ့က ပူးပေါင်း ဆုံးဖြတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက် ဆုပ်ကိုင်ထားမယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြောကြားသွားပါတယ်။
မြန်မာစစ်တပ်ဟာ အဲဒီ ဘုံသဘောတူညီချက်တွေကို လေးစားလိုက်နာပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် အာဆီယံကလည်း ထိပ်သီး အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
တစ်ဖက်မှာတော့ အခုနှစ်အတွင်း အရပ်သား အစိုးရ နာမည်ခံ သမ္မတအဖြစ် ပြောင်းလဲလိုက်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတချို့နဲ့ သံတမန် ဆက်ဆံရေးကို ဆက်တိုက် မြှင့်တင်လာခဲ့သလို အာဆီယံ နိုင်ငံတွေထဲက ထက်ဝက်လောက်ဟာ မြန်မာကို ပြန်လက်ခံသင့်ကြောင်း လေသံဟလာပါတယ်။ ဒါကြောင့်လည်း အာဆီယံရဲ့ မူဝါဒ အပြောင်းအလဲ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မာရီယာ ထရေဆာ လာဇာရိုက အာဆီယံဟာ မြန်မာဖက်ကို အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။
မေးခွန်းတွေကို ပြောင်ကျကျပဲ ဖြေရမယ်ဆိုရင်တော့ အာဆီယံဖက်က လိုက်လျော အလျှော့ပေးမှာ မဟုတ်ကြောင်း၊ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အခိုင်အမာ ဆက်ရှိနေမှာဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ သူက ဆိုပါတယ်။ မြန်မာနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ လက်ရှိ မူဝါဒကို ပြန်လည် ချိန်ညှိပေးမလားလို့ သတင်းထောက်တွေက မေးမြန်းတာကို လာဇာရိုက အခုလို တုံ့ပြန်ခဲ့တာပါ။
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးကို တက်ရောက်ခွင့်ပြုဖို့ ထိုင်းအစိုးရက တိုက်တွန်းထားတာနဲ့ ပတ်သက်လို့လည်း သတင်းထောက်တွေက မေးတဲ့အခါ လာဇာရိုက ဒီကိစ္စကို ဆွေးနွေးနေပေမယ့် ဘာမှ မဆုံးဖြတ်ရသေးကြောင်း ဖြေကြားသွားပါတယ်။
နိုဝင်ဘာ ၁၅ ကနေ ၁၇ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေးမှာတော့ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာကို ဖယ်ထုတ်ထားတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တရားဝင် ပြန်လည် သုံးသပ်မှုတွေ လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။
ကိုးကား – Reuters





















































