Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့နယ်စစ်တပ်ဗုံးကြဲမှုအရပ်သားတွေထိခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အရပ်သားပြည်သူနေထိုင်ရာ နေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - Banmaw Scout Team)

နိုဝင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က အရပ်သားပြည်သူနေထိုင်ရာ နေရာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံသတင်းရင်းမြစ်တွေက အသိပေးပါတယ်။

နိုဝင်ဘာ ၁၄ ရက်ညနေပိုင်းမှာ ဗန်းမော်မြို့အနောက်ဖက်ကမ်း စင့်ကင်ကျေးရွာအနီး တိမ်းဖာတောင်နဲ့ ကျွန်းကြီးရွာ အကြားနဲ့ ဧရာ၀တီမြစ်ကမ်းဘေးတလျှောက်ကို စစ်တပ်က တိုက်လေယာဉ်၊ Y12 လေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

တိုက်လေယာဉ်နဲ့ ပြည်သူသွားလာနေတဲ့ တံတားကို ဗုံးကြဲတာ ဖြစ်ပြီး Y12 လေယာဉ်ကတော့ ရွှေဖောင်တွေရှိတဲ့ ဧရာ၀တီမြစ်ကမ်းဘေးနေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သားထိခိုက်သေဆုံးအခြေအနေတွေ အသေးစိတ်မေးမြန်းနိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူနဲ့ ကချင်သတင်းရင်းမြစ်အချို့ထံ ထပ်မံဆက်သွယ်ထားဆဲပါ။

ဗန်းမော်ဒေသ အခြေအနေတွေ ဖော်ပြနေတဲ့ Banmaw Scout Teamက တော့ စစ်တပ်ဟာ တိမ်းဖာတောင်နဲ့ ကျွန်းကြီးကြား ဆောင်းတွင်းကာလ ရေကျချိန် ကားတွေသွားလာဖို့ မိုးလဲချောင်းကို ဖြတ်၍ ဖောက်လုပ်ထားသော လမ်းမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဧရာ၀တီ မြစ်ကမ်းတလျှောက် ငှက်ပျောတော။ သဖန်းပင်ရွာအနီးရှိ ရွှေဖောင်တွေကို Y12နဲ့ အကြိမ် ၃၀ ကျော် တိုက်ခိုက်ခဲ့တာလို့ အသိပေးထားပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၁၀ဦးခန့်ရှိပြီး သေဆုံးသူ မရှိဟုလည်း အသိပေးထားပါတယ်။

စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် နွားတွေ သေဆုံးထိခိုက်တာ၊ ရွှေဖောင်တွေ ပျက်စီးတာတွေကိုလည်း ဓာတ်ပုံမှတ်တမ်းဖော်ပြအသိပေးထားပါတယ်။

KIAနဲ့ အာဏာသိမ်းစစ်တပ်ဟာ ဗန်းမော်မြို့နဲ့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ကာလရှည်ဖြစ်ပွားလျက်ရှိရာ စစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ အရပ်သား ပြည်သူနေထိုင်ရာ နေရာတွေကိုပါ ပစ်မှတ်ထား လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ