သက်တမ်းဝက် ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီ ရလဒ်ဆိုးရွားခဲ့တဲ့နောက်ပိုင်း ပထမဆုံး နိုင်ငံရပ်ခြား ခရီးစဉ်အဖြစ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အာရှတိုက်ကို လာရောက်မှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၃ ရက်နေ့ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန် ပါတီ ရှုံးနိမ့်သွားခဲ့တာကြောင့် လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်ခွင့်တွေကို လက်လွတ် ဆုံးရှုံးသွားခဲ့ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရီပတ်ဘလစ်ကန် ပါတီ လက်လွတ်သွားရတဲ့ အဓိက အကြောင်းရင်းကတော့ ထရမ့်ဆင်နွှဲခဲ့တဲ့ အီရန်စစ်ပွဲနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ရွေးကောက်ပွဲ ရလဒ်ကြောင့် ပါတီအတွင်းပိုင်းမှာ အကြီးအကျယ် ဂယက်ထပြီး ထရမ့်အတွက်လည်း ဖိအားတွေ ကြုံနေချိန်မှာပဲ အမေရိကန် သမ္မတဟာ ရွေးကောက်ပွဲနောက်ပိုင်း သူ့ရဲ့ ပထမဆုံး ပြည်ပ သံတမန်ရေး လှုပ်ရှားမှု ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။
ထရမ့်ဟာ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ကို သွားရောက်ပြီး အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။ ထရမ့်ဟာ ၂၀၁၇ ခုနှစ်၊ သူ့ရဲ့ ပထမအကြိမ် သမ္မတ သက်တမ်းတုန်းကလည်း ဖိလစ်ပိုင်မှာ အာဆီယံ ညီလာခံ တက်ရောက်ခဲ့ဖူးပါတယ်။

Public Service Announcement
သူ့ရဲ့ အာဆီယံ ခရီးစဉ်အတွင်းမှာ ထရမ့်ဟာ ဉာဏ်ရည်တု (AI) နည်းပညာ လေ့ကျင့် အဆင့်မြှင့်တင်ရေးအတွက် အရှေ့တောင်အာရှ မိတ်ဖက် နိုင်ငံတွေ အနေနဲ့ အမေရိကန်လုပ် အဆင့်မြင့် ကွန်ပျူတာ ချစ်ပ်တွေ ဝယ်ယူရေး တိုက်တွန်းသွားဖွယ် ရှိနေပါတယ်။ ပြီးတော့ ဗီယက်နမ်၊ ထိုင်းတို့နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး သဘောတူညီမှု အသစ်တွေကို ကြေညာနိုင်ခြေ ရှိသလို အိမ်ရှင်နိုင်ငံ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဖိလစ်ပိုင်မှာ အစည်းအဝေး တက်ပြီးရင်တော့ ထရမ့်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ရဲ့ ညီလာခံ တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံ၊ ရှန်ဇန်းမြို့ဆီ ထရမ့်က ခရီးဆက်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်ကျရင် ရှန်ဇန်းမှာ ထရမ့်ဟာ တရုတ်သမ္မတ၊ ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ သုံးပွင့်ဆိုင် သီးသန့်တွေ့ဆုံ ဆွေးနွေးမယ်လို့လည်း သက်ဆိုင်ရာ နိုင်ငံ အသီးသီးက ကြေညာထားပါတယ်။
ဒါဟာ ရုရှား၊ တရုတ်နဲ့ အမေရိကန် သမ္မတတွေရဲ့ ပထမဆုံးအကြိမ် မျက်နှာစုံညီ တွေ့ဆုံမှု ဖြစ်လာမှာပါ။ အရင်က ပူတင်၊ ရှီနဲ့ ထရမ့်တို့ဟာ နှစ်ဦးစီ တွေ့ဆုံခဲ့ဖူးပေမယ့် သုံးဦးအတူ တစ်စားပွဲတည်းထိုင်ပြီး ဆွေးနွေးပွဲ မလုပ်ခဲ့ဖူးပါဘူး။ အဲဒီ ဆွေးနွေးပွဲမှာတော့ ထရမ့်ဟာ အီရန်စစ်ပွဲနဲ့ နောက်ဆက်တွဲ အခြေအနေတွေ၊ နိုင်ငံတကာ နျူကလီးယား ထိန်းချုပ်ရေး ကိစ္စတွေကို အဆိုပြု နှီးနှောတိုင်ပင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် အစိုးရ အရာရှိ တချို့က မှတ်ချက်ပေးထားပါတယ်။
ဖိလစ်ပိုင်မှာ ရှိနေချိန် အတောအတွင်းမှာတော့ ထရမ့်ဟာ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် လေးနိုင်ငံ ပါဝင်တဲ့ Quad အဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ Quadဟာ အာရှ-ပစိဖိတ် ရပ်ဝန်းမှာ တရုတ်ရဲ့ ဩဇာ ဖြန့်ကျက်မှုကို တန်ပြန်ဖို့ တရုတ်ရဲ့ပြိုင်ဘက် နိုင်ငံတွေ စုစည်းထားတာ ဖြစ်ပါတယ်။
ကိုးကား: AP






















































