ရေနံ စည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာတဲ့ စူပါတန်ကာအဆင့် ရေနံတင် သင်္ဘောကြီးတစ်စီး ရေမြှုပ်မိုင်းထိပြီး ဟောမုဇ် ရေလက်ကြားမှာ နစ်မြုပ်သွားကြောင်း အီရန်က ပြောပါတယ်။
အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)က အဲဒီ သင်္ဘောဟာ ရေမြှုပ်မိုင်းဒဏ်ကြောင့် ပေါက်ကွဲမှုဖြစ်၊ မီးစွဲလောင်ရာကနေ နစ်မြုပ်သွားခဲ့တာလို့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ရေနံတင်ပို့မှုမှာ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ်မှာ တစ်နေ့တည်းနဲ့တင် သင်္ဘောနှစ်စီး မိုင်းထိခဲ့ပြီး တစ်စီး နစ်မြုပ်ခဲ့ကြောင်း IRGCက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကို အတည်မပြုနိုင်သေးပါဘူး။
အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲစတင် ဖြစ်ပွားချိန် ကတည်းက အီရန်ဟာ နိုင်ငံတောင်ပိုင်းမှာ ရှိနေတဲ့ ဟောမုဇ် ရေလက်ကြားကို ပိတ်ချလိုက်ကြောင်း ကြေညာပြီး ရေလက်ကြားရဲ့ အစိတ်အပိုင်း အများအပြားမှာ မိုင်းတွေ ထောင်ထားပါတယ်။

Public Service Announcement
နောက်ပိုင်းမှာ အမေရိကန် ရေတပ်က ဟောမုဇ်မှာ ရှိသမျှ ရေမြှုပ်မိုင်း အားလုံးကို ရှင်းလင်းပြီးပြီလို့ ကြေညာခဲ့ပေမယ့် အီရန်ကတော့ အမေရိကန်ရဲ့ အဆိုကို ပယ်ချခဲ့ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်း အီရန်ရဲ့ တရားဝင် ခွင့်ပြုမထားတဲ့ လမ်းကြောင်းအတိုင်း ဟောမုဇ်ကို ဖြတ်သန်း ခုတ်မောင်းမိခဲ့တဲ့ ရေနံတင် သင်္ဘောနှစ်စီးဟာ ရေလက်ကြား တောင်ပိုင်းရေပြင်မှာ မိုင်းထိမှန်ခဲ့ကြောင်း၊ ရေနံစည်ပေါင်း ၂ သန်းကျော် တင်ဆောင်လာခဲ့တဲ့ စူပါတန်ကာအဆင့် အကြီးစား တစ်စီးကတော့ ပေါက်ကွဲမှုတွေကြောင့် မီးစွဲလောင်ပြီး ပါရှန်းပင်လယ်ကွေ့မှာ နစ်မြုပ်သွားခဲ့ကြောင်း IRGCက ဖော်ပြထားခဲ့ပါတယ်။
ဒါပေမဲ့ တိုက်ခိုက်ခံရတဲ့ ရေနံတင် သင်္ဘောတွေက ဘယ်နိုင်ငံက ပိုင်ဆိုင်သလဲဆိုတဲ့ အချက်အလက်တွေကတော့ ထုတ်ပြန်ချက်ထဲမှာ ပါမလာခဲ့ပါဘူး။
အရှေ့အလယ်ပိုင်း ဒေသက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို တာဝန်ယူနေတဲ့ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)ကတော့ ဟောမုဇ်ကနေ အရပ်ဖက် ရေယာဉ်တွေ ဘေးကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင် ကူညီ စီစဉ်ပေးနေကြောင်း ပြီးခဲ့တဲ့ လတုန်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နွေရာသီကစလို့ ဟောမုဇ်ကို ဖြတ်သန်းပြီး ရေနံစည်ပေါင်း သန်း ၁၅၀၀ ကျော်ကိုလည်း ဘေးကင်းကင်း သယ်ယူနိုင်အောင် ကူညီပေးခဲ့ကြောင်း CENTCOMက ကြေညာထားပါတယ်။
ဗြိတိန်အခြေစိုက် ရေကြောင်းလုံခြုံမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ယူနိုက်တက်ကင်းဒမ်း ကုန်သွယ်ရေး အော်ပရေးရှင်း (UKMTO)က နိုဝင်ဘာ ၁၅ ရက်နေ့တုန်းက ပင်လယ်ကွေ့ ဒေသမှာ သင်္ဘောတစ်စီး တိုက်ခိုက်ခံရမှုကို အိန္ဒိယ ရေကြောင်း အာဏာပိုင်တွေက အတည်ပြုထားကြောင်း ပြောပေမယ့် အဲဒီကိစ္စဟာ အီရန်ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အကြောင်းအရာတွေနဲ့ ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကိုးကား: AFP






















































