ရုရှားနဲ့ အမေရိကန် သမ္မတတွေကို တရုတ် သမ္မတက လက်ခံ တွေ့ဆုံမှာဖြစ်ကြောင်း တရုတ်အစိုးက တရားဝင် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
အိမ်ဖြူတော်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တရုတ်နိုင်ငံမှာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ (အေပက်) အစည်းအဝေး တက်ရောက်ရင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့နဲ့ တွေ့ဆုံမယ်လို့ ကြေညာထားခဲ့ပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့မှာတော့ အဲဒီ သုံးပွင့်ဆိုင် တွေ့ဆုံမယ့် ကိစ္စကို တရုတ်ဖက်ကလည်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ကျရင် သမ္မတရှီဟာ သမ္မတ ပူတင်၊ သမ္မတ ထရမ့်တို့ကို ရှန်ဇန်းမြို့မှာ ဧည့်ခံတွေ့ဆုံသွားမှာ ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက်မပေးခဲ့ပါဘူး။
အစောပိုင်းတုန်းက အမည်မဖော်လိုသူ အမေရိကန် အစိုးရ အရာရှိ တစ်ယောက်ကတော့ တွေ့ဆုံပွဲမှာ ထရမ့်ဟာ အီရန်စစ်ပွဲကိစ္စ၊ နိုင်ငံတကာ နျူကလီးယား လက်နက် ထိန်းချုပ်ရေး ကိစ္စတွေကို အလေးပေး ဆွေးနွေးဖွယ်ရှိပြီး ယူကရိန်း စစ်ပွဲ အကြောင်းကိုတော့ ချန်လှပ်ထားလိမ့်မယ်လို့ ပြောကြားထားပါတယ်။

Public Service Announcement
ရုရှားအစိုးရ အခြေစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကလည်း သုံးနိုင်ငံ ခေါင်းဆောင်တွေဟာ အေပက် ညီလာခံနဲ့ မပတ်သက်တဲ့ သီးခြားအစီအစဉ်အဖြစ် တွေ့ဆုံကြမယ့် အကြောင်းကို တရားဝင် ထုတ်ပြန်ထားပါတယ်။
ထရမ့်၊ ပူတင်နဲ့ ရှီတို့ နှစ်ဦးစီ အသီးသီး တွေ့ဆုံခဲ့ကြဖူးပေမယ့် စူပါပါဝါ သုံးနိုင်ငံ ခေါင်းဆောင်တွေ တစ်စားပွဲတည်း အတူထိုင်ပြီး ဆွေးနွေးတာကတော့ ပထမဆုံးအကြိမ် ဖြစ်လာမှာပါ။
Teslaနဲ့ SpaceX ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ ထရမ့်နဲ့အတူ ရှန်ဇန်းကို လိုက်ပါသွားမှာ ဖြစ်ပေမယ့် ပူတင်၊ ရှီတို့နဲ့ တွေ့ဆုံမယ့် ထိပ်သီး အစည်းအဝေးကိုတော့ တက်ရောက်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
ကိုးကား: AFP






















































