Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြိုင်ဘက် သေဆုံးစေတဲ့ထိ တားဆီးပုံ ကြမ်းခဲ့တဲ့ ဂိုးသမားကို ၁၂ ပွဲပယ် ပြစ်ဒဏ်ချ

စပိန်မှာ ပြိုင်ဘက် ကစားသမားကို ဝင်တိုက်ပြီး တားဆီးရာက လူသေတဲ့ထိ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျူးလွန်သူ ဂိုးသမားကို ၁၂ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ဓာတ်ပုံ - Reuters

စပိန်မှာ ပြိုင်ဘက် ကစားသမားကို ဝင်တိုက်ပြီး တားဆီးရာက လူသေတဲ့ထိ ဖြစ်ခဲ့တဲ့ ကိစ္စမှာ ကျူးလွန်သူ ဂိုးသမားကို ၁၂ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့တုန်းက စပိန်ဒုတိယတန်း ပွဲစဉ်အဖြစ် တီနီရေးဖ်နဲ့ အန်ဒိုရာတို့ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ နှစ်ဂိုးစီ သရေကျနေတဲ့ ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ တီနီရေးဖ် အသင်းက တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေး ရသွားပြီး အသက် ၃၀ အရွယ် စပိန် တိုက်စစ်မှူး ဂျေဇူးစ် ဒီမီဂွဲလ်က ဘောလုံးကို ဆွဲပြေးဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကွင်းလယ်ထိ ရှေ့တက်နေတဲ့ အန်ဒိုရာ ဂိုးသမား ဂျေဇူးစ် အိုဝိုနိုက ဒီမီဂွဲလ်ကို တားဆီးဖို့အတွက် ဒူးကိုမြှောက်ပြီး အရှိန်နဲ့ ခုန်ဝင်ခဲ့ရာက နှစ်ဦးသား ပြင်းပြင်းထန်ထန် တိုက်မိခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ချက်ချင်းပဲ အသက် ၂၅ နှစ်အရွယ် အိုဝိုနိုကို အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အသင်းဖော်တွေက မီဂွဲလ်ဟာ နှလုံးဖောက်၊ နှလုံးခုန်ရပ်ပြီး အခြေအနေ မကောင်းတော့ဘူး ဆိုတာကို သတိထားမိပြီး ဆေးဝန်ထမ်းတွေကို ကွင်းထဲ လှမ်းခေါ်ခဲ့ပါတယ်။ ဒိုင်လူကြီးကလည်း ပွဲကို ဆက်မကစားစေဘဲ ရပ်တန့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂွဲလ်ကို ဆန်တာခရုဇ်ဒီ တီနီရေးဖ်မြို့မှာ ရှိနေတဲ့ ဆေးရုံတစ်ခုဆီ အလျင်အမြန် တင်ပို့ပြီး အသက်လု ကုသမှုတွေ ခံယူစေခဲ့ပေမယ့် နောက်တစ်နေ့ နိုဝင်ဘာ ၃ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ လက်တွဲဖော် မာရီရာနဲ့ အသက် ၁ နှစ်အရွယ် သမီးငယ်တို့ ကျန်နေခဲ့ပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက အခုဖြစ်စဉ်ကို ပြန်လည် သုံးသပ် စစ်ဆေးပြီးတဲ့နောက် နိုဝင်ဘာ ၁၃ ရက်နေ့မှာ လူသေစေတဲ့ထိ တားဆီးပုံ ကြမ်းခဲ့တဲ့ အိုဝိုနိုကို ၁၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကွင်းလယ်ဒိုင်ရဲ့ ပွဲပြီး အစီရင်ခံစာပါ အချက်အလက်တွေကို အခြေခံထားတာ ဖြစ်တယ်လို့ ဖော်ပြ ပါရှိပါတယ်။ အိုဝိုနိုဟာ ပြိုင်ဘက် တိုက်စစ်မှူးရဲ့ ရင်ဘတ်ဆီ ခြေထောက်မြှောက်ရင်း အားသုံးပြီး ခုန်ဝင်ခဲ့ကြောင်း၊ အများသိပြီး ဖြစ်တဲ့အတိုင်း နောက်ဆက်တွဲ ကြေကွဲစရာ အနေနဲ့ ဒီမီဂွဲလ် ကွယ်လွန်ခဲ့ကြောင်း၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ဒီလို ကြမ်းကြမ်းတမ်းတမ်း ပြုမူ ကစားပုံမျိုးအတွက် အမြင့်ဆုံး သတ်မှတ်ပြစ်ဒဏ်ဖြစ်တဲ့ ၁၂ ပွဲ ပွဲပယ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။

ပြီးဆုံးဖို့ ၇ မိနစ် အလိုမှာ ရပ်ခဲ့ရတဲ့ ပွဲကိုလည်း ပြန်မကစားစေဘဲ နှစ်ဂိုးစီ သရေရလဒ်အတိုင်း အတည်ပြုမယ်လို့ ဘောလုံး အဖွဲ့ချုပ်က ကြေညာခဲ့ပါတယ်။ ဒီမီဂွဲလ်ကို သေဆုံးစေခဲ့တဲ့ ဖြစ်ရပ်ဆိုး ကြုံခဲ့တဲ့ အချိန်ကနေ ပွဲပြန်စဖို့ ဆိုတာဟာ နာကျင်စရာတွေကို ပြန်လှုံ့ဆော်ရာ ရောက်လိမ့်မယ်လို့ အဖွဲ့ချုပ်က ပြောပါတယ်။

အီကွေတိုရီရယ်လ် ဂီနီရာ ဂိုးသမား အိုဝိုနိုကိုယ်စား ကလပ်အသင်း အန်ဒိုရာက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အိုဝိုနိုဟာ သူ့ဘဝရဲ့ အခက်ခဲဆုံး ကာလတွေကို ဖြတ်သန်းနေရပြီး ဒီမီဂွဲလ် သေဆုံးခဲ့မှုအတွက် အကြီးအကျယ် ထိခိုက်နာကျင်နေရတယ်လို့ ဖော်ပြထားပါတယ်။ အသင်းမန်နေဂျာ ကားလ်စ် မန်ဆိုက အိုဝိုနိုဟာ ဘောလုံး ပြန်ကစားဖြစ်ပါ့မလား ဆိုတာကိုတောင် မဆုံးဖြတ်နိုင်သေးကြောင်း ဆိုပါတယ်။

လောလောဆယ် အိုဝိုနိုဟာ မိသားစုနဲ့ အတူရှိနေပြီး အသင်းကလည်း သူ့အတွက် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ပေးထားကြောင်း၊ သူကိုယ်တိုင်က ဘောလုံးပြန်ကစားချင်လား၊ ကွင်းထဲကို ပြန်မလာတော့ဘူးလား ဆိုတာကို မဆုံးဖြတ်သေးကြောင်း၊ သူ့ကိုယ်သူ အဆင်သင့် ဖြစ်ပြီလို့ ယူဆတဲ့ အချိန်မှာ အိုဝိုနိုက တစ်ခုခုတော့ ရွေးချယ်မှာဖြစ်ကြောင်း မန်ဆိုက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ဒီမီဂွဲလ် သေဆုံးမှုနဲ့ ပတ်သက်ပြီး စပိန်ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပေမယ့် အားကစားပြိုင်ပွဲ တစ်ခုက မတော်တဆ ထိခိုက်မှု ဖြစ်တဲ့အတွက် တရားစွဲဆိုတာမျိုးတော့ မရှိသေးပါဘူး။ အန်ဒိုရာ အသင်းဖော်တွေက အိုဝိုနိုဟာ ဂိုးမပေးရဖို့အတွက်သာ ဒီမီဂွဲလ်ကို ဟန့်တားဖို့ ကြိုးစားခဲ့တာဖြစ်ပြီး တမင်ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာ လုံးဝ မဟုတ်ဘူးလို့ အခိုင်အမာ ထွက်ဆိုထားကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ