Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် ထိပ်သီး စစ်ဦးစီး တစ်ယောက်ကို သုတ်သင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ကြေညာ

ဟားမားစ် ပြောက်ကျား အဖွဲ့ရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ပြောပါတယ်။

ဓာတ်ပုံ - Reuters

ဟားမားစ် ပြောက်ကျား အဖွဲ့ရဲ့ ထိပ်တန်း စစ်ဦးစီး တစ်ဦးကို သုတ်သင် ရှင်းလင်းခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က ပြောပါတယ်။

ဂါဇာကမ်းမြှောင်ဒေသ တောင်ပိုင်းမှာ နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေး တစ်ခုအတွင်း ဟားမားစ်ရဲ့ ရာဖာ တပ်မဟာ စစ်ဦးစီးဖြစ်သူ ဆာမား မာမွတ် အဘူ ယွန်နစ်ကို သုတ်သင်နိုင်ခဲ့ကြောင်း IDFက ကြေညာခဲ့ပါတယ်။ အဘူယွန်နစ်ဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက ဟားမားစ်နဲ့ တခြားဂါဇာအခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် တပ်တွေက အစ္စရေး နယ်စပ်ကို ဖြတ်ကျော်ပြီး အငိုက်ဖမ်း တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂၀၀ လောက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ အဓိက နေရာက ပါဝင်ခဲ့သူ တစ်ဦးလို့ IDFရော၊ ဟားမားစ်ဖက်ကပါ ပြောပါတယ်။

အဘူ ယွန်နစ်ဟာ ရာဖာ တပ်မဟာရဲ့ ဝါရင့် တပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လလောက်တုန်းက IDF လက်ချက်ကြောင့် သေဆုံးသွားတဲ့ စစ်ဦးစီး နာရဲလ် အဘူ အိုဘိဒ်နေရာကို ဆက်ခံခဲ့ပါတယ်။ အိုဘိဒ် မတိုင်ခင်တုန်းက ရာဖာ တပ်မဟာရဲ့ အကြီးအကဲ ဖြစ်ခဲ့သူ မိုဟာမက် ဆာဘာနားဟာလည်း အစ္စရေးရဲ့ လုပ်ကြံမှုကြောင့် မနှစ်က မေလမှာ သေဆုံးခဲ့ပါတယ်။

အဘူ ယွန်နစ်ကို ရှင်းပစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု မတိုင်ခင် ရက်ပိုင်းအလိုကလည်း ဂါဇာရဲ့ ခန်ယူနစ် မြို့မှာရှိတဲ့ နက်ဆာ ဆေးရုံကို အစ္စရေးက တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီ စစ်ဆင်ရေးဟာ တခြား ဟားမားစ် စစ်ဦးစီး တစ်ဦးကို ပစ်မှတ်ထားခဲ့တာလို့ အစ္စရေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်က အဘူ ယွန်နစ် သေဆုံးသွားကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့ပြီး သူဟာ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုကြီးရဲ့ နောက်ကွယ်မှာ ဟားမားစ်ရဲ့ စစ်ရေး အစီအမံတွေကို ရေးဆွဲခဲ့တဲ့၊ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အရေးအပါဆုံး ခေါင်းဆောင် တစ်ဦးအဖြစ် ရည်ညွှန်းထားပါတယ်။

အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်ကတော့ IDFဟာ ဂါဇာမှာရှိတဲ့ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေကို ပစ်မှတ်ထား သုတ်သင်မှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း၊ အခုလည်း နောက်ထပ်တစ်ယောက်ဟာ သူ့ရဲ့ ရှေ့ကလူတွေ လမ်းစဉ်ကိုလိုက်ပြီး ငရဲကို ရောက်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခုလို စစ်ဆင်ရေးတွေကို သူနဲ့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုတို့ ပူးပေါင်းပြီး ဆက်လက် အကောင်အထည် ဖော်နေမှာ ဖြစ်ကြောင်း၊ ဂါဇာမှာ ဟားမားစ် အဖွဲ့သား တစ်ယောက်မှ မကျန်တဲ့ထိ တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်း ကက်ဇ်က ဆိုပါတယ်။

ဂါဇာမှာ အပစ်အခတ် ရပ်စဲထားတာ တစ်နှစ်ကျော်လောက် ရှိလာပြီ ဖြစ်ပေမယ့် IDFဟာ ဟားမားစ် ခေါင်းဆောင်ပိုင်းတွေကို သုတ်သင်တဲ့ စစ်ဆင်ရေးတွေကို အကန့်အသတ်နဲ့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဟားမားစ်ဟာ သေဆုံးသွားသူတွေ နေရာမှာ လူသစ်တွေနဲ့ မြန်မြန်ဆန်ဆန် အစားထိုးရင်း အစ္စရေး ထိန်းချုပ်မထားနိုင်တဲ့ ဂါဇာရဲ့ အကျယ်အဝန်း ထက်ဝက်လောက်မှာ အာဏာခြေကုပ် မြဲမြံနေစေဖို့ ကြိုးစားနေပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ