နိုဝင်ဘာ ၂၇၊ ၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့မှာ ပေါ်တာမကြာခဏဆွဲပြီး ဒုစရိုက်မှုတွေပါပေါများနေတဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းမှာ ညဈေးလုပ်ကိုင်ခွင့် လေလံခေါ်ယူနေပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး ညဈေးလုပ်ငန်းလုပ်ကိုင်ခွင့်အတွက် အိတ်ဖွင့်လေလံခေါ်ယူကြောင်း စစ်တပ်လက်အောက်ခံ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနက ကြေညာထားပါတယ်။
အဆိုပါ လေလံခေါ်ယူတဲ့ နေရာမှာ အောင်မြေသာစံမြို့နယ်၊ အထက်ကမ်းနားလမ်း၊ ၂၂ လမ်းနဲ့ ၂၆ လမ်းကြား၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အလျား ပေ (၈၆၀)၊ အနံ ပေ (၈၀) ကျယ်ဝန်းတဲ့ ကွန်ကရစ်ခင်းရင်ပြင်ဧရိယာ ဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement
လက်ရှိမှာ အဆိုပါ ကမ်းနားလမ်းတစ်လျှောက်နဲ့ အနီးဝန်းကျင်ဧရိယာတွေမှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေရှိကြောင်း၊ ဒါ့အပြင် နေ့ခင်းဘက်အချိန်တွေမှာပါ ခိုးဆိုးလုယက်မှုတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ တွင်ကျယ်နေတဲ့ နေရာတစ်ခုဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“မန္တလေးသူ၊ မန္တလေးသားတွေက ညဆို အဲဒီလိုနေရာ ဘယ်သူမှ မသွားချင်ကြဘူး။ ညမပြောနဲ့ နေ့တောင် မသွားရဲဘူး”လို့ မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီလို နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့နေပြီး ဒေသခံတွေတောင် သွားလာဖို့ မဝံ့ရဲတဲ့ အခြေအနေမှာ ညဈေးလုပ်ငန်းလုပ်ကိုင်ခွင့် လေလံခေါ်ယူလာခြင်း ဖြစ်ပါတယ်။
မန္တလေးမြို့မှာ အဆိုပါကမ်းနားလမ်းတင်မကဘဲ မြို့တွင်းရော မြို့ပတ်လမ်းတွေမှာပါ စစ်တပ်က ပေါ်တာဆွဲတာတွေ၊ ခိုးဆိုးလုယက်တာတွေ ဖြစ်ပွားနေကြောင်း မြို့ခံတွေက ပြောပါတယ်။


























































