Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး ကွယ်လွန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

နိုဝင်ဘာ-၂၇၊ ၂၀၂၆။ဟာနာဆန်၊နိုင်ပကောင်း / People’s Spring

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စားဖိုမှူးကြီး အဖိုးလေး(ခ)ဦးမြင့်စိုး ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့၊ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ နေထိုင်နေတဲ့ အသက်(၇၄)နှစ်အရွယ် အဖိုးလေး(ခ) ဦးမြင့်စိုးဟာ ဦးနှောက်သွေးခဲတဲ့ ဝေဒနာကို နှစ်ရှည် ခံစားနေရပြီး ဆေးကုမှုခံယူနေရာကနေ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူတွေက လူမှုကွန်ရက်ကနေ အသိပေးပါတယ်။

အဖိုးလေး ဟာ အာဏာသိမ်း စစ်တပ်ကဖမ်းဆီးထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ရဲ့ စာဖိုမှူးတာဝန်ယူခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဖိုးလေး ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဖြစ်ပြီး ၁၉၈၉ မှာ ဖမ်းဆီးခံရပြီးနောက် ထောင်ကနေ ပြန်လည် လွတ်မြောက်လာချိန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းမှာ ဥယျာဥ်မှူး ဝင်လုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပထမဦးဆုံးအကြိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီး ၁၉၉၅ ခုနှစ် ဇူလိုင် ၁၀ ရက်နောက်ပိုင်း ဩဂုတ်လအစမှာ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထမင်းချက်အဖြစ် စတင်လုပ်ဆောင်လာခဲ့တာပါ။

၁၉၉၅ ခုနှစ် ဩဂုတ်လကနေ ၂၀၀၃ ခုနှစ် နေအိမ်အကျယ်ချုပ်အထိ ဒေါ်အောင်ဆန်းစုကြည်အတွက် ထမင်းချက်(စားဖိုမှူး)တာဝန်ကို တောက်လျှောက်ယူခဲ့သူဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စားသောက်ဖွယ်ရာတွေကို ၇ နှစ်ကြာတဲ့အထိ နားရက်မရှိ နေ့စဉ် ပို့ပေးခဲ့တာလို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမဲသား၊ ဝက်သား စတဲ့ ခြေလေးချောင်းသား မစားတာကြောင့် ဘဲသား၊ ကြက်သား၊ ငါး၊ ပင်လယ်စာ အစားအစာကို ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

အဖိုးလေး(ခ)ဦးမြင့်စိုးဟာ သူ့အတွေအကြုံတွေကို မိုဃ်းလင်း(ဖိုးလေး)ဆိုတဲ့ ကလောင်အမည်နဲ့ အောင်ဆန်းသမီးနှင့် ကျွန်တော်၏ မှတ်တမ်းများ၊ ကျုပ်အစ်မ အညာသားသမီး ဒေါ်အောင်ဆန်းစုကြည်နှင့်အခြားဆောင်းပါးများ စတဲ့စာအုပ်တွေ ရေးသားခဲ့ပါတယ်။

ဆက်စပ်သတင်းများ