နို၀င်ဘာ-၂၇၊၂၀၂၆။မိုမို/People’s Spring
စစ်ကိုင်းငလျင်ကြီးမှာ လူသေဆုံးမှုများခဲ့တဲ့ Sky Villa ကွန်ဒိုမြေနေရာ ရောင်းချဖို့ အခန်းပိုင်ရှင်တွေက လေလံစတင်ခေါ်ယူလိုက်ပါတယ်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်းအမှတ်- ၆ဝ လမ်း၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြား အနိပ်တော်ရပ်ကွက် ပေ ၁ဝဝ x ပေ ၄ဝဝ အကျယ်ရှိတဲ့ Sky Villa မြေနေရာကို ကျပ်ငွေနဲ့ လေလံတင်ရောင်းချမှာလို့ ဒီကနေ့(နို၀င်ဘာ ၂၇ ရက်)ထုတ် သတင်းစာမှာ ဖော်ပြပါတယ်။
Sky Villa ကွန်ဒိုမြေနေရာကို လေလံတင် ရောင်းချနိုင်ဖို့ ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ကွန်ဒိုအခန်းပိုင်ရှင်တွေကြား နို၀င်ဘာ ၁၉ ရက်က သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
Sky Villa မြေနေရာကို လေလံကြမ်းခင်းဈေး ကျပ်သိန်းပေါင်း ၄သိန်းနဲ့ လေလံတင် ရောင်းချသွားမှာ ဖြစ်ပြီး ရောင်းချရငွေကို NTL ကုမ္ပဏီက ၄၀ ရာခိုင်နှုန်းနဲ့ ကွန်ဒိုအခန်းပိုင်ရှင်တွေက ၆၀ ရာခိုင်နှုန်း ခွဲဝေရယူကြမှာဖြစ်ပါတယ်။
အခန်းပိုင်ရှင်တွေ အတွက်ခွဲဝေပေးမယ့် ရောင်းရငွေ ၆၀ ရာခိုင်နှုန်းကို တစ်ဦးချင်းပိုင်ဆိုင်တဲ့ အခန်းရဲ့ စတုရန်းပေအကျယ်အဝန်းအလိုက် အချိုးကျခွဲဝေရယူရမှာလို့ Sky Villa မြေနေရာ လေလံတင် ရောင်းချနိုင်ရေးနဲ့ အကျိုးရလဒ် ခွဲဝေရေး ကော်မတီဝင်တွေက အသိပေးထားပါတယ်။
Sky Villa ကွန်ဒိုကို ၁၁ ထပ်စီရှိတဲ့ အဆောက်အဦး ၄လုံး နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။၂၀၂၅ မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ချိန်အဆောက်အဦး ၃လုံးပြိုကျသွားခဲ့တာပါ။
Sky Villa ကွန်ဒိုပြိုကျမှုမှာ ရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မီးသတ်က ထုတ်ပြန်ထားပါတယ်။
ကုမ္ပဏီကထောက်ပံ့ကြေးအနေနဲ့ သေဆုံးသူ ၁ဦးကို ကျပ်သိန်း ၁၀၀နှုန်းထောက်ပံ့ကြေးအဖြစ်ပေးပေမယ့်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကကျေနပ်မှုမရှိခဲ့ကြပါဘူး။လက်ရှိမှာ Sky Villa ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကို ထောင်ဒဏ် ၇နှစ် ချမှတ်ထားတယ်လို့ သိရပါတယ်။


























































