Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ကျဉ်းတွေလွတ်ရေး ကူညီပေးဖို့ အမေရိကန်နိုင်ငံခြားရေး တာဝန်ရှိသူတွေထံ CRPH ကိုယ်စားလှယ်တောင်းဆို

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန်ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း CRPHက အသိပေးထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - CRPH

နိုဝင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန်ပြည်ထောင်စုအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားသူတွေ လွတ်မြောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း CRPHက အသိပေးထုတ်ပြန်ပါတယ်။

ဒေါ်မြတ်သီတာထွန်းဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Riley M. Barners၊ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms. Julie Turner ၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ရုံး နိုင်ငံခြားရေးရာ အရာရှိ Mr. Jamie Staley အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရို၊ နိုင်ငံခြားရေးရာအရာရှိ Mr. McGurn တို့နဲ့ နိုဝင်ဘာ ၂၃ရက်မှာ တွေ့ဆုံခဲ့တာလို့ဆိုပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ့ဒီမိုကရေစီ၊ လူ့အခွင့်အရေးအခြေအနေများနဲ့ မတရားဖမ်းဆီးအကျဉ်းချခံ ထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခရစ်ယာန်ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာများ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရေး ဒေါ်မြတ်သီတာထွန်းက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် CRPH ရဲ့ လွှတ်တော်လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုတွေ၊ နိုင်ငံတကာလွှတ်တော်အဖွဲအစည်းများရဲ့ အသိအမှတ်ပြုမှုအခြေအနေများ၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်ကျူးလွန်နေသော အကြမ်းဖက်မှုများကြောင့် ပြည်သူများ ထိခိုက်ခံစားရမှု အခြေအနေအထောက်အထားများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနဲ့ ဆက်စပ်ရာဇဝတ်မှုများ၊ အဓမ္မလုပ်သားခိုင်းစေခံရမှု အခြေအနေများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကိုလည်း ပေးအပ်မျှဝေခဲ့ကြောင်း ဖော်ပြထားပါတယ်။

CRPH ရဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဟာ ဒေါ်မြတ်သီတာထွန်းဟာ ဗတ္တိဇံခရစ်ယာန် ကမ္ဘာ့မဟာမိတ်အဖွဲ၏ အထွေထွေအတွင်းရေးမှူးနဲ့ အမှုဆောင်အရာရှိချုပ် Rev. Dr. Elijah Brown ၊ ၊ Burma Research Institute (BRI) ရဲ့ ဥက္ကဋ္ဌ Mr. Zo Tum Hmung၊ BRI မှ စုစည်းဦးဆောင်သော Multifaith Group မှ ဘာသာရေးခေါင်းဆောင်များနဲ့ အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တွေ့ဆုံမှုမှာ Rohingya Consultative Council (RCC) ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတိုလည်း ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒေါ်မြတ်သီတာထွန်းဟာ နိုဝင်ဘာ ၂၄ရက်မှာ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ် Rep. Gregory W. Meeks (Ranking Member, House Foreign Affairs Committee Senior Member, House Committee on Financial Services) ရုံးမှ Senior Professional Staff Member ဖြစ်သူ Mr. Anubhav Gupta နဲ့လည်းတွေ့ဆုံခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

တွေ့ဆုံမှုမှာ အမေရိကန်ပြည်ထောင်စု နှစ်ဝက်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံခဲ့ရသော လွှတ်တော်အမတ် Mr. Gregory W. Meeks အား CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ ပေးအပ်လိုက်တဲ့ ဂုဏ်ပြုသဝဏ်လွှာကို ပေးအပ်ခဲ့သလို မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်မာလွှတ်တော်ကိုယ်စားလှယ်များနဲ့ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူများနဲ့ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းနေကြသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် တော်လှန်ရေးအင်အားစုများအား အမေရိကန်ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ ဥပဒေများနဲ့အညီ လက်တွေ့ ထိရောက်စွာ အကူအညီပေးနိုင်ရေး ကိုလည်းဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ