■ချင်းဒေသအခြေစိုက် Khonumthung သတင်းဌာနတည်ထောင်သူ ၊အယ်ဒီတာချုပ် Pu Tuidim ပါအသတ်ခံရ
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ကလေးငယ်နှစ်ဦးနှင့် သတင်းထောက်တစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားကလူသားဒိုင်းအဖြစ်အသုံးချပြီး ပစ်သတ်ခဲ့ကြောင်း ချင်းပြည်နယ်သတင်းစင်တာ(Chinland Information Center) က ဖော်ပြထားသည်။
မတူပီ-ဟားခါးလမ်းပေါ်ရှိ ကီလှုန်းနှင့် လုံလှော်ကျေးရွာအကြားတွင် ဇန်နဝါရီလ ၆ ရက် နှင့် ၇ ရက်က ခရီးသွားအရပ်သားပြည်သူ ၁၀ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးပြီး စစ်မြေပြင်တွင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်ပြည်သူ ၁၀ ယောက်တွင် ၁၃ နှစ်အရွယ် ကလေးငယ်နှစ်ဦး နှင့် ချင်းပြည်နယ်အခြေစိုက် Khonumthung သတင်းဌာနတည်ထောင်ထားသူများထဲမှတစ်ဦးဖြစ်သူ ၊အယ်ဒီတာချုပ်လည်းဖြစ် ၊ဝါရင့်သတင်းထောက်တစ်ဦးလည်းဖြစ်သော Pu Tuidim ပါဝင်သည်ဟု Chinland information Centerကဖော်ပြထားသည်။

Public Service Announcement
“သူဘာသာ ခရီးသွားရင် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တိုးတာ၊ သတင်းထောက်ဆိုတော့ အချက်အလက်တွေရှိတာပေါ့”ဟု အဆိုပါသတင်းထောက်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
မိခင်သတင်းဌာနကလည်း ယနေ့ညတွင် အထူးဝမ်းနည်းကြေကွဲကြောင်းသတင်းထုတ်ပြန်ထားရာ “စစ်ကောင်စီတပ်၏ လူမဆန်စွာသတ်ဖြတ်ခဲ့သူများထဲတွင် မိမိတို့ Khonumthung သတင်းဌာနကို တည်ထောင်သူတစ်ဦးဖြစ် ၊နှစ်ပေါင်းများစွာ အယ်ဒီတာချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ Pu Tuidim လည်းပါဝင်သည်ဟု သတင်းရရှိသည့်အပေါ် များစွာတုန်လှုပ်ခြောက်ခြားပြီး အလွန်စိတ်မကောင်းဖြစ်ရပါသည်။ ချင်းသတင်းမီဒီယာများအတွက် ရှေ့ဆောင်လမ်းပြခဲ့သူ Pu Tuidim ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် ကိုယ်ကျိုးစွန့်ပေးဆပ်ခဲ့မူပေါ် မိမိတို့အနေဖြင့် ဘယ်သောအခါမျှ မေ့လျော့မှာ မဟုတ်သည့်အပြင် အစဉ် ထာဝရသတိရဂုဏ်ပြုအပ်ပါသည်။ Pu Tuidim အပါအဝင်အပြစ်မဲ့အရပ်သားပြည်သူများအားဖမိးဆီးကာလူသားဒိုင်းအဖြစ်အသုံးပြုသော အာဏာသိမ်းစစ်ကောင်စီကို အပြင်းအထန် ပစ်တင်ရှုတ်ချလိုက်ပြီး” ဟု ဖော်ပြထားသည်။
သတ်ခံထားရသည့် ပြည်သူများ၏ ရုပ်အလောင်းကို ယနေ့တွင် ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့များက တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF- မတူပီ) ၏ ယနေညထုတ်ပြန်ချက်အရ ဇန်နဝါရီ ၆ရက်မှစ၍ မတူပီ -ဟားခါးလမ်း၌ မတူပီ CDFနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပြင်းထန်ခဲ့ ကြောင်း၊ စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် ဇန်နဝါရီ ၆ရက် နေ့လည်ပိုင်း၌ ကီလှုန်းရွာမှ လုံလှော်ရွာသို့ ခရီးသွားနေသည့် ပြည်သူ ၈ဦးကို ဖမ်းဆီးပြီး ညနေပိုင်းတွင် ဘွေထီယားရွာမှ ကစဲရွာသို့ ခရီးသွားသည့် ပြည်သူ ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် အဆိုပါ ပြည်သူ ၁၀ဦးကို စစ်ကောင်ဏီတပ်ကလူသားဒိုင်းအဖြစ်အသုံးပြုပြီး ရက်ရက်စက်စက် သတ်ဖြတ် အလောင်းစွန့်ပစ်ခဲ့ရာ ယင်းသို့ အပြစ်မဲ့ ပြည်သူများ သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်းCDF မတူပီက ထုတ်ပြန်သည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ် ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ကျဆုံးပြည်သူများကို တိုင်တည်ပြီး ကတိပြုကြောင်း မတူပီ CDF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မတူပီမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသည့်အပေါ် မတူပီ CDFက ခုခံတိုက်ခိုက်ခဲ့သဖြင့်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှအထိ့နာခဲ့သည်။


















































