စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်း၌ စစ်ကောင်စီတပ်ကား နှစ်စီးမိုင်းဆွဲ တိုက်ခိုက်ခံရသည့်ဖြစ်စဥ်တွင် အရာရှိတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးကြောင်း ခုခံတိုက်ခိုက်ခဲ့သည့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywa တို့က ညီနောင်ပူးပေါင်းစစ်ဆင်ရေးအဖြစ်ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်က မုံရွာမြို့မှတောင်ဘက်သို့ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီကားနှစ်စီးကို ညီနောင်အဖွဲ့က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီးလုံး ထိုးရပ်သွားခဲ့ပြီး စကစလက်နက်ကိုင်များ ကားပေါ်မှဆင်းကာ ၄၀ မီလီမီတာ လက်နက်ကြီး ၄ ချက်၊ သေနတ်အချက်ပေါင်းများစွာတို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။စစ်ကောင်စီတပ်ရှိရာနေရာတွင် ပဒေသာမိုင်းတွဲဖြင့်ပါ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ သေနတ်သံများ ငြိမ်သွားပြီး စစ်ကောင်စီက ထိခိုက်သွားသူများအား မုံရွာမှအိမ်စီးကားများဖြင့်လာသယ်ခဲ့ရသည်။ တိုက်ခိုက်ခံရသောနေရာတွင် သေဆုံးဒဏ်ရာရသူများကို သယ်ဆောင်သွားပြီး ရေဖြင့်ပင်ဆေးကြောခဲ့ကြောင်းလည်းသိ့ရသည်။
ယနေ့ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အဆိုပါဖြစ်စဥ်နောက်ဆက်တွဲသတင်းထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်
စစ်ကောင်စီ၏ လက်ကိုင်တုတ်အရာရှိတစ်ဦးအပါအဝင် ကားပိ၍ သေသူ၊ မိုင်းထိမှန်၍သေသူစုစုပေါင်း ၂၀ ကျော်သေဆုံးသည်ဟု PDFအဖွဲ့များက အသိပေးခဲ့သည်။
“စစ်ကောင်စီရဲ့လက်ကိုင်တုတ်အရာရှိဆိုတာ စစ်တပ်ဘက်က အရာရှိပါ။”ဟု Immortal Guerilla Force IGF-Monywaအဖွဲ့ တာဝန်ရှိသူက လူထုနွေဦးသတင်းသို့ဖြေကြားသည်။

Public Service Announcement
အဆိုပါဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ဦးခေါင်းသေနတ်မှန်ကာသေဆုံးခဲ့ပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်လက်နက်ကိုင်များ၏ အနီးတဝိုက်တွင် သွားလာနေထိုင်ခြင်းလုံးဝမပြုလုပ်ကြရန်နှင့် လမ်းခရီးသွားလာရာတွင်လည်း မည်သည့်ကားနှင့်မျှ အနီးကပ်မောင်းနှင်သွားလာခြင်းမပြုကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Immortal Guerilla Force IGF-Monywa တို့က အသိပေးမေတ္တာရပ်ခံသည်။


















































