လာမည့်မတ်လ ၂၇ ရက်(တပ်မတော်နေ့)တွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူများ အနေဖြင့် နေအိမ်တွင် မိနစ်၃၀ကြာ မီးများပိတ်၍ လျှပ်စစ်မီးမသုံးဘဲ မီးပိတ်သပိတ်(Power Strike) ပြုလုပ်၍ ဆန္ဒပြကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တိုက်တွန်းလိုက်သည်။
လွန်ခဲ့သည့် ၇၇နှစ်က ကမ္ဘာ့ပြည်သူများကြား ထိုးဖောက်ဝင်ရောက်ခဲ့သည့် နာဇီနှင့် ဖက်ဆစ်ဝါဒတို့ကို မြန်မာနိုင်ငံသား၊ တိုင်းရင်းသားများက ကမ္ဘာ့ပြည်သူများနှင့်အတူ မတ်လ ၂၇ရက်၌ လှည်းနေလှေအောင်း မြင်းစောင်းမကျန် တော်လှန်ခဲ့ကြသည်။
ထိုကဲ့သို့ တော်လှန်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကောင်စီက ပုံပြောင်းဖော်ပြခဲ့သည့် တပ်မတော်နေ့ကို ဆန့်ကျင်သည့်အနေဖြင့် မတ်လ ၂၇ ရက်ညပိုင်း သတင်းလာချိန်ည ၈နာရီမှ ၈ နာရီခွဲအထိ နိုင်ငံတဝှမ်းရှိ အိမ်တိုင်းက လျှပ်စစ်မီးမသုံးပဲ ဆန္ဒပြကြရန် NUG က ဖိတ်ခေါ်ခဲ့ သည်။
လွန်ခဲ့သည့် ၄နှစ်ကျော် ကာလအလွန် နေ့စဉ်ပြတ်တောက်နေသည့် လျှပ်စစ်မီးကိုအချိန်ပိုင်း မသုံးပဲ ဆန္ဒပြခြင်း ဖြစ်သလို စီမံခန့်ခွဲမှုညံ့ဖျင်းသည့် စစ်အုပ်စု လျှပ်စစ်ဌာနကို အကြပ်အတည်း ဖြစ်စေမည့် မိနစ်၃၀လည်း ဖြစ်ကြောင်း NUGက ထုတ်ပြန်ခဲ့သည်။

Public Service Announcement
“မီးက အခုလည်း မလာတာက များပါတယ်။ ဒါပေမယ့် တစ်နိုင်ငံလုံး စစ်ကောင်စီကို ဆန့်ကျင်တဲ့ မီးပိတ်သပိတ် လုပ်မယ်ဆိုတော့လည်း မီးလာခဲ့ရင်တောင် အဲ့ည ၈နာရီကို မီးတွေ အကုန်ပိတ်သွားပါမယ် “ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။
အကြမ်းဖက် စစ်အုပ်စုလက်အောက် လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ မတ်လမှ စတင်၍ လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်နေပြီး မြို့နယ်အလိုက် အလှည့်ကျမီးပေးသည့် စနစ်ဖြင့်သာ ပြည်သူများက လျှပ်စစ်မီးသုံးစွဲ နေကြရသည်။


















































