ကလေးတွေမှာ ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးတဲ့အခါ ဆေးရဲ့ ထိရောက်မှု အာနိသင်က လူကြီးတွေမှာ ထိုးတာထက် ပိုလျော့နည်းနိုင်တယ်လို့ သုတေသန စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။
အထူးသဖြင့် Omicronနဲ့ Deltaမျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်တွေနဲ့ အတွေ့မှာ ကာကွယ်ဆေးရဲ့ ရောဂါ ဟန့်တား ကာကွယ်မှု အာနိသင်ဟာ ပိုပြီး လျော့ကျသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကောင်းကွက်ကတော့ ရောဂါကို ကာကွယ် တားဆီးနိုင်စွမ်း လျော့သွားရင်တောင် ရောဂါ လက္ခဏာတွေ ဆိုးရွား ပြင်းထန်လာနိုင်ခြေကိုတော့ အတော်ကြီး ရာခိုင်နှုန်း မြင့်မြင့်မားမား ဟန့်တားနိုင်ခြင်း ဖြစ်ပါတယ်။
ဒါဟာ Pfizerနဲ့ BioNTechတို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးကို အခြေပြု လေ့လာထားတဲ့ ရလဒ် ဖြစ်ပါတယ်။ mRNA နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အဲဒီ ကာကွယ်ဆေးဟာ ကိုဗစ်ရောဂါအတွက် အကောင်းဆုံး စာရင်းဝင် ကာကွယ်ဆေး တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ ပြီးတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးကလည်း အသက် ၅ နှစ်အထက် ကလေးတွေမှာ ဒီဆေးကို ထိုးနှံခွင့် ပြုထားပါတယ်။
New England ဆေးပညာ ဂျာနယ်မှာ ဖော်ပြထားတဲ့ သုတေသန ရလဒ်တွေအရ အသက် ၅ နှစ်နဲ့ ၁၁ နှစ်ကြား ကာကွယ်ဆေး ထိုးထားတဲ့ ကလေးတွေဟာ ရောဂါကြောင့် ဆေးရုံတက်ရနိုင်ခြေ သုံးပုံနှစ်ပုံမက လျော့ကျသွားတယ်လို့ သိရပါတယ်။

Public Service Announcement
ဒီဆေးဟာ အသက် ၁၂ နှစ်နဲ့ ၁၈ နှစ်ကြား မြီးကောင်ပေါက် အရွယ်တွေမှာလည်း အလားတူ သက်ရောက်မှုမျိုး ရှိနေတယ်လို့ သုတေသီတွေက စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဆေးရုံ တက်ရတဲ့ထိ ရောဂါ ပြင်းထန်နိုင်ခြေကို လျှော့ချပေးနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ တွေ့ရှိမှု တစ်ခုတည်းနဲ့တင် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးသင့်တယ်လို့ ဘော်စတွန် ကလေးဆေးရုံက သုတေသီ ဒေါက်တာ အန်ဒရီရာ ရန်းဒေါ့ဖ်က ဆိုပါတယ်။
သုတေသီတွေဟာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ အယောက် ၁၀၀၀ ကျော်စီ ပါဝင်တဲ့ အုပ်စုနှစ်ခုကို ခွဲခြားပြီး နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။ တစ်ဖွဲ့က Pfizerရဲ့ ကာကွယ်ဆေးကို နှစ်ကြိမ် ထိုးနှံထားပြီး နောက်တစ်ဖွဲ့ကတော့ ဆေးမထိုးထားသူတွေပါ။ သုတေသန ရလဒ်တွေအရ ဆေးထိုးထားတဲ့ ကလေးတွေဟာ ရောဂါ ပြင်းပြင်းထန်ထန် ခံစားရနိုင်ခြေကို ဆေးမထိုးထားတဲ့ အဖွဲ့ထက် ၆၈ ရာခိုင်နှုန်းလောက် လျှော့ချပစ်နိုင်တာ တွေ့ရှိခဲ့ရပါတယ်။
သုတေသီတွေက Pfizerရဲ့ ကာကွယ်ဆေးဟာ Delta မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရောဂါ အပြင်းအထန် ခံစားရနိုင်ခြေကို ၇၉ ရာခိုင်နှုန်းလောက်နဲ့ Omicronကြောင့် ရောဂါ သည်းထန်နိုင်ခြေကို ၉၆ ရာခိုင်နှုန်းလောက် လျော့ကျသွားစေတယ်လို့ ပြောကြားထားပါတယ်။


















































