စစ်ကောင်စီက အကျဥ်းချထားသည့် စစ်ကိုင်းတိုင်းဥပေဒေချုပ် ဦးခင်မောင်လှအပါအဝင် နိုင်ငံရေးပုဒ်မဖြင့် မုံရွာအကျဥ်းထောင်တွင် ထိန်းသိမ်းခံထားရသူ တစ်ရာကျော်ကို ထောင်ပြောင်းရွှေ့ရန် စီစဥ်နေသည်ကို တွေ့ရသည်ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကပြောသည်။
အကျဥ်းကျခံထားရသူ တစ်ရာကျော်ကို ထောင်ပြောင်းရွှေ့ရန်ဟုဆိုကာ မုံရွာအကျဥ်းထောင်ရှေ့တွင် ကားများ အသင့်စောင့်ဆိုင်းနေသည်ကို တွေ့ရသည်ဟု ဒေသခံတစ်ဦးကပြောသည်။
” ကျွန်တော်တို့ သတင်းရထားတာ စစ်ကိုင်းတိုင်းဥပေဒေအချုပ် ဦးခင်မောင်လှပါတယ်။ အခြားနိုင်ကျဥ်းတွေလည်း ပါတယ်။စစ်ကောင်စီ ဘာတွေ ကြိတ်ကြံနေလဲတော့ မသိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးဖေ့ဘွတ်ခ်စာမျက်နှာဖြစ်သည့်မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း စစ်ကောင်စီ၏ ယနေ့(ဧပြီ ၇ရက်)လုပ်ရပ်ကို လူထုထံ ကြိုတင် အသိပေး ထားသည်။

Public Service Announcement
” မုံရွာမြို့ အကျဉ်းထောင်မှာ မတရား အကျဉ်းကျခံနေသော နိုင်ကျဉ်း (၅၀၅) ကျနေသူများကို တခြားမြို့ကို ပြောင်းရွေ့ဖို့ မြို့တော်ခန်းမ ကို ခေါ်သွားနေတယ်လို့ သိရပါတယ် ” ဟု ယနေ့နေ့လယ် ၁၂နာရီခွဲခန့်အခြေအနေကို သတင်းထုတ်ပြန်ထားသည်။
ယဉ်တန်းထွက်ခွာရာ လမ်းကြောင်းရှိ မိဘပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲဲ့များထံသတင်းအချိန်မှီ
ပေးပို့ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
မုံရွာအကျဥ်းထောင်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ဦးခင်မောင်လှအပါအဝင် တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများ ထိန်းသိမ်းခံထားရသည်။ ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးတွင် လူသိများသည် ကိုဝေမိုးနိုင်၊ကိုဟန်သာမြေမွန်တို့မှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
မုံရွာအကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသားအချို့က ဧပြီ ၃ရက်ညနေတွင်ဆန္ဒထုတ်ဖော်သည်ကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်ခဲ့သောကြောင့် အကျဥ်းသားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောငိစီကထုတ်ပြန်ခဲ့သည်။


















































