ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာအနီး လေညှင်းတောင်ဘုရားကုန်းတွင် ကင်းပုန်းချကာ တပ်စွဲထားသည့် အင်အား၂၀ နီးပါးရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား ယမန်နေ့ (ဧပြီလ ၁၂ ရက်နေ့)က အမိမြေ-တော်လှန်ရေးတပ်ဖွဲ့နှင့်အတူ မုံရွာခရိုင်တပ်ရင်း(၂) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃) ၊ မြောက်ယမားတပ်ဖွဲ့ ၊Yoma Fighter တပ်ဖွဲ့တို့ဖြင့် ပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် (၁) နာရီနီးပါးခန့် ရှိကြောင်း ရှေ့တန်းသတင်းပေးပို့ချက်အရ သတင်းတင်ပြအပ်ပါသည်ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“လေညှင်းတောင်က စစ်ခွေးကင်းကို ဝင်တိုက်တာပါ။ မနေ့ညက ၇ နာရီဝန်းကျင်လောက်မှာ ထိတွေ့မှု စဖြစ်တာ တစ်နာရီနီးပါးကြာတယ်။ ညနေလောက်ကျရင်တော့ တိုက်ပွဲအသေးစိတ် အသိပေးနိုင်မှာပါ။ အခင်းဖြစ်နေရာက မုံရွာ-ပုသိမ်လမ်းရဲ့ အနောက်နား သိပ်မဝေးဘူး။ ဘန့်ဘွေးရွာနားဝန်းကျင်မှာ ထိတွေ့မှုက ခဏခဏဖြစ်တယ်။”ဟု အမိမြေ တော်လှန်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက ပြောသည်။
ဘန့်ဘွေးရွာသည် မုံရွာမြို့အထွက် ချင်းတွင်းတံတားကို ကျော်လာပြီး ၁၀မိုင်ခန့်အကွာတွင်တည်ရှိပြီး အကြမ်းဖက်စစ်ကောင်စီက မကြာခဏလာရောက်ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည်။ မတ်လဆန်းကတည်းက ဘန့်ဘွေးရွာတွင် စစ်တပ်က အချိန်တစ်လကျော်ကြာ တပ်စွဲထားပြီး ဧပြီလ ၁ဝ ရက်နေ့က ကျေးရွာရှိ ရေသောက်ကန်တောတိုက်ကို မီးရှိူ့ဖျက်ဆီးခဲ့ရာ နေအိမ်၃၀ ကျော် ပြာကျပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။


















































