စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring
တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။
အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်ကိုသွားပြီးမင်းအောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။
သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။

Public Service Announcement
‘သမ္မတ တစ်ယောက်နဲ့ ကိုက်ညီတဲ့ပုံ’လို့ ကျွန်တော်က ယဉ်ယဉ်ကျေးကျေး ပြန်ဖြေခဲ့ပါတယ်။
သူက ကျွန်တော့်ကို အေးစက်စက်နဲ့စိုက်ကြည့်လိုက်တဲ့ အချိန်မှာတော့ကျွန်တော်လိုချင်တဲ့ပုံကို ရပြီဆိုတာ သဘောပေါက်လိုက်ပါတယ်။
တိုင်းမ်မဂ္ဂဇင်းအတွက် မင်းအောင်လှိုင်ကိုဓါတ်ပုံရိုက်ခဲ့တဲ့ ဓါတ်ပုံသတင်းထောက်Jes Aznarကသူ့အတွေ့အကြုံကို လူမှုကွန်ယက်မှာရေးထားတာပါ။
တိုင်းမ်မဂ္ဂဇင်းကရေးသားတဲ့ဆောင်းပါးအဖွင့်မှာလည်း မင်းအောင်လှိုင်ကို ဓါတ်ပုံရိုက်တဲ့အတွေ့အကြုံနဲ့ စတင်ရေးသားပါတယ်။
“မှန်တစ်ချပ် အရင်ရောက်လာပါတယ်။ ၂၀၂၁ ခုနှစ်မှာအာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုနဲ့ အင်တာဗျူးမယ့် အခန်းထဲ မဝင်ခင် သူ့ကိုယ်သူ ‘သ’နိုင်အောင် သူ့လူတွေက မင်းအောင်လှိုင်အတွက် မှန်ကြီးတစ်ချပ်ကို စီစဉ်ပေးထားတာပါ။
သူ့ကို ဓာတ်ပုံရိုက်ရင် ဘယ်ဖက်က ရိုက်ပေးဖို့လည်း တောင်းဆိုထားကြပါတယ်။
ဒါမှသာ ဆံပင်တွေ ပါးလာတဲ့ နဖူးစပ်နားကို သိပ်မမြင်ရအောင် ဖုံးကွယ်နိုင်မှာမို့ပါ။
အာဏာသိမ်းစစ်တပ်ကို ဦးဆောင်ခဲ့တဲ့ မင်းအောင်လှိုင်က ခုတော့သူ့ကိုယ်သူသမ္မတလို့သုံးနှုန်းပါတယ်။
စစ်တပ်ယူနီဖောင်းအစား ပိုးထည်လုံချည်ကို ဝတ်ထားပေမယ့် သူ့ရဲ့ စစ်သားဟန်ကတော့ မပျောက်သေးပါဘူး”လို့ရေးထားတာပါ။
နောက်တစ်နေ့မှာတော့ မန္တလေးမြို့က လမ်းဘေး ခနော်နီခနော်နဲ့ တဲလေးတစ်လုံးမှာ ကလေးနှစ်ယောက်နဲ့ အတူနေတဲ့ အမျိုးသမီး တစ်ယောက်ကို ကျွန်တော် တွေ့ခဲ့ပါတယ်။
အိမ်က နံရံရယ်လို့တောင် သတ်သတ်မှတ်မှတ် မရှိသလို သူတို့တွေ ပိုင်ဆိုင်တာဆိုလို့ ပြောင်တလင်းခါနေတဲ့ ဟင်းအိုးလေး တစ်လုံး၊ ရေပုံးတစ်ပုံး၊ ကလေးတွေ ဆော့နေကျ အတော်လေးညစ်ပတ်ပေရေနေတဲ့အရုပ်လေးတစ်ရုပ်လောက်ပဲရှိပါတယ်။
ကျွန်တော် ဓာတ်ပုံရိုက်ခွင့်တောင်းတော့ အမျိုးသမီးက ခွင့်ပြုခဲ့ပါတယ်။ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေတဲ့ ခွန်အား နဲ့ ဒီနိုင်ငံမှာ ရှိနေတဲ့ ထင်ရှားမြင်သာလွန်းတဲ့ အခက်အခဲ ဝန်ပိမှုတွေက ကျွန်တော့်အတွက် မေ့ဖျောက်လို့မရမယ့်ခံစားချက်တွေအဖြစ် စွဲထင်ကျန်နေတော့မှာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ Time မဂ္ဂဇင်းဟာ အင်တာဗျူးပုံစံမဖော်ပြဘဲ ဆောင်းပါးအနေနဲ့ဖော်ပြပြီး မင်းအောင်လှိုင်ပြောတာတွေကို မထင်ဟပ်ဘူးဆိုပြီး Time မဂ္ဂဇင်းဟာမီဒီယာကျင့်ဝတ်ကို ချိုးဖောက်တယ် ၊ပြစ်တင်ရှုတ်ချတယ်လို့ စက်တင်ဘာ ၂၃ ရက်ညမှာထုတ်ပြန်ပါတယ် ။မြန်မာပြည်သူအများစုကတော့ မင်းအောင်လှိုင်ကို ဘယ်လိုပြင်ဆင်ပြီး ဓါတ်ပုံရိုက်ပေးရိုက်ပေး ဥပဓိရုပ်ညံလွန်းတဲ့သူလို့ ပြောဆိုနေကြသလို ၊Time ကို စစ်တပ်က ရှုတ်ချတဲ့အပေါ် ကမ္ဘာ့သြဇာကြီး Time မဂ္ဂဇင်းဟာ စစ်တပ်ဝါဒဖြန့် ကြေမုံ ၊မြန်မာ့အလင်းသတင်းစာတွေလို မင်းအောင်လှိုင် ဘုန်းတော်ဘွဲ့တွေရေးပေးမယ့်သတင်းဌာနမဟုတ်ဘူးလို့ လူမှုကွန်ယက်မှာပြောဆိုနေကြပါတယ်။



















































