▪️နှစ်ရက်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်များပြီး ယာဉ်ပျက်စီးမှုရှိ
မင်းတပ် – မတူပီလမ်း မိုင်တိုင်(၂၅)ဝန်းကျင်၌ ယနေ့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။
ချင်းပြည်နယ် မတူပီမြို့မှ ဧပြီ ၂၇ရက်တွင် ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ဧပြီ ၃၀ရက်မှစ၍ မင်းတပ် CDFက ကြားဖြတ်တိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ယနေ့အထိ ၁၀ရက်ကြာ ကာလအတွင်း နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

“ ဒီနေ့မိုင်တိုင် ၂၅မှာ တိုက်ပွဲပြင်းထန်နေတယ်။အထိ အခိုက်အကျဆုံးတော့ မသိရသေးဘူး။ မနေ့ကနဲ့ တစ်နေ့က အဖြစ်အပျက်တွေကိုတော့ ထုတ်ပြန်ထားပါတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement
မေလ ၇ရက်နှင့် ၈ရက်နေ့များ၌ မင်းတပ် – မတူပီလမ်း တိုက်ပွဲဖြစ်စဉ်များကို မင်းတပ် CDFက ယနေ့ သတင်းထုတ်ပြန်ထားသည်။
မင်းတပ် CDF အရန်တပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် မေလ ၇ရက် နံနက်တွင် စစ်ကောင်စီတပ်သား ၁ဦးသေဆုံးပြီး ညနေပိုင်းတွင်လည်း တစ်ဦးသေဆုံးခဲ့ကြောင်း၊ နေ့လယ်ပိုင်း၌ မိုင်တိုင် အမှတ် ၃၀နှင့် ၃၁ကြား ဖြစ်ပွားခဲ့သည့် မင်းတပ် CDF၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်မှ ငါးဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများစွာရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
မေလ ၈ရက်တွင်လည်း မိုင်တိုင် (၂၈)တွင် စစ်ကောင်စီတပ်များ နင်းမိုင်းမိ၍ သေဆုံးမှုများရှိနိုင်ကြောင်း မင်းတပ် CDFက ခန့်မှန်းထားပြီး မိုင်တိုင် (၂၇)တွင်လည်း စစ်ကောင်စီယာဉ်တန်းမိုင်းမိ၍ ယာဉ်အချို့ ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
ရာသီဥတု အခြေအနေဆိုးရွား၍ စစ်ကောင်စီတပ်မှ သေဆုံးပျက်စီးမှုအားတိကျစွာ ထုတ်ပြန်ရန် ခက်ခဲကြောင်း၊ တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ကြောင်း မင်းတပ် CDFက ပြောကြားသည်။


















































