မြန်မာစစ်တပ်ကို အခွန်ငွေ၊ နည်းပညာနှင့် စောင့်ကြည့်ထောက်လှမ်းရေးများပေးနေသော မိုင်တဲလ်၏ Telecom International Myanmar ကို နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် Justice For Myanmar ကယမန်နေ့တွင် တောင်းဆိုသည်။
ဆက်သွယ်ရေးအော်ပရေတာ မိုင်တဲလ်(Mytel)သည်အကြမ်းဖက်စစ်တပ်မှ စစ်သည်များကို စောင့်ကြည့်ထောက်လှမ်းနိုင်သော အန္တရာယ်ကြီးလှသည့် စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်များကို ပေးထားပြီးစစ်တပ်၏နိုင်ငံတကာ ရာဇဝတ်မှုများတွင် မိုင်တဲလ်၏ ကြံရာပါပတ်သက်မှုအတွက် သက်သေအထောက်အထားအများအပြားရရှိထားပြီဖြစ်ကြောင်း JFM ကထုတ်ပြန်သည်။
“မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက ထောက်ကူပေးနေတာ ဖြစ်ပါတယ်။ အခုအချိန်မှာ စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေဆီ ငွေကြေးစီးဆင်းတာတွေ ဖြတ်တောက်ပစ်တဲ့ ကိစ္စကိုလက်တွေ့ အရေးယူဆောင်ရွက်ကြဖို့ လိုပါတယ်။ မြန် မာစစ်တပ်ရာဇဝတ်ဂိုဏ်းကို မဖြစ်မနေဖျက်သိမ်းရပါမယ်” ဟု JFM ၏ပြောရေးဆိုခွင့်ရှိသူမရတနာမောင်ကပြောသည်။
လျှို့ဝှက်ပေါက်ကြားလာသောစာရွက်စာတမ်းများကို အခြေခံသည့် JFM ၏ စုံစမ်းလေ့လာမှုအရမိုင်တဲလ်သည်‘အောင်တံခွန်’ အရောင်းအစီအစဉ်မှတဆင့် စစ်သည်တစ်ဦးချင်း၏ ကိုယ် ပိုင်နံပတ်ဖြင့်တွဲထားသည့်စိတ်ကြိုက်နံပတ်များကိုပေးကာ တပ်ရင်း၊ တပ်မမှူးများဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
ပြီးခဲ့သည့်NLDအစိုးရလက်ထက်တွင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးများကိုလည်း ဦး စားပေးရောင်းချခဲ့ခြင်းအပါအဝင် အစိုးရအရာရှိများ၊ စီးပွားရေးခေါင်းဆောင်များကိုလည်း မိုင်တဲလ်ဆင်းမ်ကတ်သုံးစွဲရန် မက်လုံးများဖြင့် အရောင်းမြှင့်တင်ရေးလုပ်ဆောင်ခဲ့ကြောင်း JFM ကထုတ်ပြန်သည်။
ထို့အတွက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပူးပေါင်းပါဝင်နေကြသော ပြည်သူ့စစ်သား၊ရဲသားများအနေဖြင့်လုပ်ငန်းအစီအစဉ်များကို ဖုန်းဖြင့် ပြောဆိုခြင်း၊ဆွေးနွေးခြင်းများမလုပ်ဆောင်ကြရန်နှင့်စစ်တပ်မှမထွက်ခွာခင်မိုင်တဲလ်ဆင်းမ်ကတ်များကိုဖျက်ဆီးပစ်ရန် JFM ကအကြံပြုသည်။
Telecom International Myanmar ၏ အစုရှယ်ယာရှင်များသည် စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global Investment နှင့်Myanmar National Telecom Holdings တို့ဖြစ်သည်။

















































