▪️စစ်ကောင်စီတပ်များက ဘုရားကျောင်းနှင့်လူနေအိမ်များကို မီးရှို့ဖျက်ဆီး
ကရင်နီ(ကယား)ပြည်နယ်တွင် ဇွန်လဒုတိယပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန် သည်။
ဇွန်လဒုတိယအပတ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်မှတဆင့် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်များသို့ တပ်ချိန်းပြောင်းရန်အတွက် စစ်ကြောင်းထိုးလျက်ရှိရာ ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်ကြားရှိ ကျေးရွာများဖြစ်သော၊ ထီးပေါ့ဆိုကျေးရွာ နှင့် ဒေါညေးခူကျေးရွာတို့တွင် ကရင်နီပူးပေါင်းတပ်များ၊ PDF ပူးပေါင်းမဟာမိတ်များက ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟုဆိုသည်။




ဇွန်လ ၁၂ရက် ညတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးမှု ၁၀ဦးထက်မနည်း ရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ လက်နက်ငယ် (၈)လက်နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
ဇွန်လ ၁၄ရက်နှင့် ၁၅ရက်များ၌လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေးဦးထက်မနည်းသေဆုံးခဲ့သည်ဟု ဆိုသည်။အဆိုပါနေ့ရက်များတွင် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို ဖောက်ထွန်းခြင်း၊ မီးရှို့ခြင်း၊ ခရစ်ယာန်ဘုရားကျောင်းအား လက်နက်ကြီးများဖြင့် တိုက်ခိုက်ဖျက်စီးခြင်း၊ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲကာ ၎င်းတို့ ဆုတ်ခွာချိန်တွင် ဘုရားကျောင်း၊ ဘုန်းတော်ကြီးနေအိမ်နှင့် ဓမ္မာရုံတို့အားမီးရှို့ဖျက်စီးခဲ့ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement


စစ်ကောင်စီတပ်များသည် ဇွန်လဆန်းမှစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့ စစ်ကြောင်းများထိုးလျက်ရှိသဖြင့် ကရင်နီပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ခဲ့သည်ဟုဆိုသည်။
စစ်ကောင်စီတပ်များတပ်စွဲထားသည့် ဒီးမော့ဆိုမြို့နယ်၊ ပူဖားကျေးရွာအနီးတွင်လည်း KNDFနှင့် ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့ကြောင်း အသိပေးထားသည်။
ထို့ပြင် ဇွန်လ ၉ရက်က လွိုင်ကော်မြို့နယ်၊ ပကြဲကျေး ရွာနှင့် ပဒါးညေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် KNDFတို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်များမှ ကျေးရွာအတွင်းရှိ ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ်များအား ဖောက်ထွင်းဖျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။


















































