ဥရောပသမဂ္ဂ(EU)၏ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့်ပြုမှုကို Total Energies ကို အသုံးပြုခွင့် မပေးရန် ပြင်သစ်သမ္မတမက်ခရွန်နှင့် အစိုးရအဖွဲ့ကို ကမ္ဘာတဝန်းရှိ အရပ်ဘက်အဖွဲ့အစည်း ၄၅၉ ဖွဲ့က တောင်းဆိုလိုက်သည်။
အီးယူပိတ်ဆို့မှု၏ ချွင်းချက်ကင်းလွတ်ခွင့်ကို Total Energies အား မပေးခြင်းဖြင့် ရာဇဝတ်ကောင် မြန်မာစစ်အုပ်စု ထံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဒေါ်လာများ မရောက်သွားရန် တားဆီးပေးရန် နိုင်ငံပေါင်း ၂၀ မှ မြန်မာနှင့် နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၄၅၉ ဖွဲ့၏ ပူးတွဲကြေညာ ချက်၌ ဖော်ပြသည်။

မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ် ရက်စက်ဆိုးရွားမှု အပြီးတိုင်ရေး တွန်းလှန်နေမှုများ နှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ထောင်ရေးအတွက် Total Energies က ဂျီနိုဆိုက်လူသတ်ကောင်များကို ငွေပေးနေမှုအား တားဆီးရေးတွင် ပြင်သစ်အစိုးရ၏ ထောက်ခံပံ့ပိုးမှုက အလွန်အရေးကြီးကြောင်း ဖော်ပြသည်။
ပြင်သစ်သမ္မတ မက်ခရွန်သည် ၎င်း၏ ဥပဒေပြုအမတ်များ၊ အစိုးရအရာရှိများ၏ တိုက်တွန်းချက်ကို နားထောင်ပြီး ဂျီနိုဆိုက်နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၏ တရားခံ စစ်အုပ်စုကို ငွေပေးသည့် ကော်ပိုရေးရှင်းအား အလျော့ပေး လိုက်လျောခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တိုက်တွန်းသည်။

Public Service Announcement
ပြင်သစ် Total Energies သည် လာမည့် ဇူလိုင်တွင် မြန်မာပြည်မှ ထွက်ခွာမည်ဖြစ်သော်လည်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ နှင့် အကျိုးအမြတ်များကို အကြမ်းဖက်စစ်ကောင်စီကို လွှဲပြောင်း မည့်အပေါ် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများက အပြင်းအထန် ကန့်ကွက်နေခြင်းဖြစ်သည်။

















































