Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်ဖို့ တရုတ်နဲ့ ညှိနှိုင်းနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားပြော

ယွန်းဟာ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ကို အလေးအနက် လိုလားသူဖြစ်ပြီး ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ကတည်းက သူသာ သမ္မတ ဖြစ်လာရင် မြောက်ကိုရီးယားကို တန်ပြန်ဖို့ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။

ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်ဖို့ တရုတ်နဲ့ ညှိနှိုင်းနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားပြော
ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်ဖို့ တရုတ်နဲ့ ညှိနှိုင်းနေမှာ မဟုတ်ဘူးလို့ တောင်ကိုရီးယားပြော

လေကြောင်း အန္တရာယ် ကာကွယ်ရေး ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်ဖို့အတွက် တရုတ်အစိုးရနဲ့ ညှိနှိုင်းပြီး ခွင့်ပြုချက် ယူနေစရာ ဘာအကြောင်းမှ မရှိဘူးလို့ တောင်ကိုရီးယား အစိုးရဖက်က အတည်ပြုလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတသစ် ယွန်ဆွတ်ခ်ယိုလ်ဟာ အမေရိကန်လုပ် THAAD ဒုံးခွင်းဒုံး စနစ်တွေ ပိုမိုဖြန့်ကျက်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး တရုတ်နဲ့ တောင်ကိုရီးယားတို့ကြား အခု သီတင်းပတ်ကုန်မှာ သဘောထား ကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ပေါ်ပေါက်လာပါတယ်။

အစောပိုင်းမှာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးက တရုတ်ကို အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့တဲ့နောက် ဒီကိစ္စ ဆွေးနွေးမှုတွေ ချောမွေ့ဟန် ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ မကျေလည်မှုတွေ ထွက်ပေါ်လာခဲ့တာပါ။ တရုတ် အစိုးရဟာ နိုင်ငံ ပိုင်နက်နားမှာ အမေရိကန်လုပ် ခေတ်မီ ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်နေခြင်းဟာ လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ်ခုလို့ ယူဆနေပါတယ်။

THAAD စနစ်အတွက် အရမ်းအားကောင်းတဲ့ ရေဒါတွေကို တပ်ဆင် အသုံးပြုထားတာကြောင့် အမေရိကန်တွေ အနေနဲ့ တောင်ကိုရီးယားမှာ အခြေစိုက်ပြီး တရုတ်နိုင်ငံ အတွင်းပိုင်းက စစ်ရေး လှုပ်ရှားမှုတွေကိုပါ ထောက်လှမ်းနိုင်မှာကို တရုတ်က စိုးရိမ်နေပါတယ်။

Public Service Announcement

Public Service Announcement

အရင် တောင်ကိုရီးယား သမ္မတဟောင်း မွန်းဂျေအင်း လက်ထက်တုန်းက တရုတ်ရဲ့ ကန့်ကွက်မှုတွေကို သဘောတူပြီး တောင်ကိုရီးယားမှာ THAAD ဒုံးခွင်းဒုံး စနစ်တွေ ထပ်ပြီး တိုးမြှင့် ဖြန့်ကျက်တာမျိုး မလုပ်ဖို့နဲ့ ရှိရင်းစွဲ THAADတွေရဲ့ အသုံးပြုမှု အတိုင်းအတာကို ကန့်သတ်ပေးဖို့ သဘောတူခဲ့ပါတယ်။ လက်ရှိ သမ္မတ ယွန်းကတော့ မွန်းလက်ထက်က ကတိကဝတ်တွေကို ရုပ်သိမ်းစေမှာဖြစ်ပြီး ဒုံးခွင်းဒုံး စနစ်တွေ ဖြန့်ကျက်နိုင်ရေးဟာ တောင်ကိုရီးယား လုံခြုံရေး ကဏ္ဍအတွက် အရေးအပါဆုံး အသက်သွေးကြော တစ်ခုလို့ ပြောကြားထားပါတယ်။

ယွန်းဟာ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ကို အလေးအနက် လိုလားသူဖြစ်ပြီး ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ကတည်းက သူသာ သမ္မတ ဖြစ်လာရင် မြောက်ကိုရီးယားကို တန်ပြန်ဖို့ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်သွားမယ်လို့ ကတိပြုထားပါတယ်။ တောင်ကိုရီးယားမှာ THAADတွေ ဖြန့်ကျက်တဲ့ ကိစ္စကလည်း တရုတ်ကို ဦးတည်တာ မဟုတ်ဘဲ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ခြိမ်းခြောက်မှုတွေကို တန်ပြန် တွန်းလှန်ဖို့သာ ဖြစ်တယ်လို့ သူက ဆိုတယ်။

သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တစ်ဦးလို့ လူသိများတဲ့ ယွန်းဟာ မဲဆွယ်ကာလတွေတုန်းက သူသမ္မတ ဖြစ်လာတာနဲ့ နောက်ထပ် THAAD စနစ်တစ်ခု ထပ်ဝယ်မယ်လို့ ကတိပေးခဲ့ဖူးပါတယ်။ လက်တွေ့ အခြေအနေတွေမှာတော့ မေလမှာ သမ္မတ ဖြစ်လာချိန် ကတည်းက ယွန်းရဲ့ အစိုးရဟာ THAAD အသစ် ဝယ်ဖို့ထက် လက်ရှိ အမေရိကန်က ပိုင်ဆိုင်ပြီး တာဝန်ယူ ထိန်းချုပ်ပေးနေတဲ့ ပြည်တွင်း အခြေစိုက် THAADကို ပုံမှန် စွမ်းအင်ပြည့် အလုပ်လုပ်စေနိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး လီဂျောင်ဆွပ်ကလည်း တရုတ်က ကန့်ကွက်နေရုံလောက်နဲ့ နိုင်ငံရဲ့ THAAD ဒုံးခွင်းဒုံးတွေ ဖြန့်ကျက်ရေး မူဝါဒဟာ ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။ ပြီးတော့ THAADရဲ့ အားကောင်းတဲ့ ရေဒါတွေဟာ တရုတ်ကို ထောက်လှမ်းဖို့ ရည်ရွယ်ထားတာ လုံးဝ မဟုတ်ကြောင်းလည်း သူက ပြောပါတယ်။

တောင်ကိုရီးယားမှာ လက်ရှိ ဖြန့်ကျက်ထားတဲ့ THAADကလည်း တရုတ်ဖက်ကို ဦးလှည့်ထားတာ မဟုတ်ဘဲ မြောက်ကိုရီးယားဆီက ပျံတက်လာမယ့် ဒုံးကျည်တွေကို ကာကွယ်ဖို့သာ ရည်ရွယ် နေရာချထားတာ ဖြစ်တယ်လို့ ဝန်ကြီးက ဖြေရှင်းသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။