Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို ရေရှည်ထောက်ပံ့နိုင်ရေးအတွက် စစ်လက်နက်တွေ တိုးထုတ်ဖို့ အနောက်နိုင်ငံတွေ စီစဉ်

ဒီအခြေအနေတွေက ရုရှားအပေါ် ယူကရိန်းက အောင်ပွဲ ခံနိုင်ခြေ ရှိနေတယ်ဆိုတဲ့ အယူအဆကို တွန်းအားပေးခဲ့ပြီး ယူကရိန်းအတွက် စစ်လက်နက် ပံ့ပိုးပေးနေတဲ့ မဟာမိတ်တွေကိုလည်း အားတက်လာစေလိမ့်မယ်လို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ယူကရိန်းကို ရေရှည်ထောက်ပံ့နိုင်ရေးအတွက် စစ်လက်နက်တွေ တိုးထုတ်ဖို့ အနောက်နိုင်ငံတွေ စီစဉ်
ယူကရိန်းကို ရေရှည်ထောက်ပံ့နိုင်ရေးအတွက် စစ်လက်နက်တွေ တိုးထုတ်ဖို့ အနောက်နိုင်ငံတွေ စီစဉ်

ယူကရိန်းကို ရေရှည် ထောက်ပံ့ ဖြည့်တင်းပေးဖို့အတွက် အမေရိကန်နဲ့ မဟာမိတ် အနောက်နိုင်ငံတွေဟာ စစ်လက်နက်တွေ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်လာနေကြောင်း သိရပါတယ်။

၇ လနီးပါးလောက် ကြာမြင့်လာပြီဖြစ်တဲ့ စစ်ပွဲအတွင်း ယူကရိန်း တပ်တွေဟာ အနောက်နိုင်ငံတွေ ထောက်ပံ့ပေးတဲ့ လက်နက် အကူအညီနဲ့ ကျူးကျော်သူ ရုရှားစစ်တပ်ကို ရွပ်ရွပ်ချွံချွံ တွန်းလှန်နိုင်ခဲ့ပါတယ်။ စစ်ပွဲမှာ ကုန်ခန်းသွားတဲ့ စစ်လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေကို ပြန်ဖြည့်တင်းပြီး ယူကရိန်းကို အကူအညီ ပေးဖို့အတွက် အနောက်နိုင်ငံကြီးတွေက လက်နက် ထုတ်လုပ်ရေးကဏ္ဍကို အရှိန်အဟုန် မြှင့်တင်လာနေတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေက လက်နက် ကုမ္ပဏီ အမှုဆောင် အရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး ယူကရိန်းအတွက် ရေရှည် အစီအမံနဲ့ လက်နက်တွေ ထောက်ပံ့ရေး ကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။ စစ်ပွဲအတွင်း ယူကရိန်းအတွက် လက်နက်တွေ ရရှိဖို့သာ မကဘဲ စစ်ပွဲအလွန် ကာလမှာ နိုင်ငံရဲ့ စစ်တပ်ကို ပြန်တည်ဆောက်ဖို့ အတွက်ပါ ရေရှည် အစီအမံတွေ ချမှတ်ရမယ်လို့ အော်စတင်က ဆိုပါတယ်။

ဒီအတွက် အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းစစ်တပ် လိုအပ်တဲ့ ခဲယမ်းမီးကျောက်တွေကို ဘယ်လိုဘယ်ပုံ ခွဲဝေ တာဝန်ယူပြီး ရေရှည် ပံ့ပိုးမလဲ ဆိုတာကို စုပေါင်း အဖြေရှာသင့်ကြောင်းလည်း အော်စတင်က ပြောပါတယ်။ လောလောဆယ်မှာတော့ ယူကရိန်းကို လက်နက်တင်ပို့ပြီးတော့ဖြစ်စေ၊ တခြား လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့ပြီးတော့ဖြစ်စေ အကူအညီ ပေးနေတဲ့ နိုင်ငံပေါင်း ၅၀ လောက် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လက်နက် ဝယ်ယူမှု မူဝါဒရေးရာ အကြီးအကဲ ဘီလ်လာပလန်တေက စက်တင်ဘာ ၂၈ ရက်ကျရင် ယူကရိန်းအတွက် လက်နက် ထောက်ပံ့ရေးဆိုင်ရာ မဟာမိတ် အစည်းအဝေးတစ်ခု ကျင်းပမယ်လို့ ပြောပါတယ်။

NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံအားလုံးဟာ တူညီတဲ့ လက်နက် အမျိုးအစားတွေ အသုံးပြုနေတာ မဟုတ်ပေမယ့် ကျည်ဆန်နဲ့ ခဲယမ်းမီးကျောက်တွေ တူညီအောင် စံသတ်မှတ်ထားတာတွေတော့ ရှိပါတယ်။ ဒီအခြေအနေက ယူကရိန်းကို တင်ပို့မယ့် စစ်လက်နက်တွေ ထုတ်လုပ်မှုမှာ နိုင်ငံအချင်းချင်း ချိတ်ဆက် ဆောင်ရွက်ဖို့ ပိုမိုလွယ်ကူလာစေဖွယ် ရှိနေပါတယ်။

လက်ရှိ အခြေအနေတွေအရ ယူကရိန်းစစ်တပ်က နိုင်ငံအရှေ့ဖျား ဒေသတွေမှာ ဆင်နွှဲနေတဲ့ တန်ပြန်ထိုးစစ် အစီအမံတွေဟာ ထိရောက် အောင်မြင်နေပြီး ရုရှားရဲ့ ထိန်းချုပ်နယ်မြေတွေ ဆက်တိုက် ဆုံးရှုံးနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းမှာတင် ခါကစ်ဗ် ဒေသက မြို့ရွာတွေ တော်တော်များများကို ယူကရိန်း တပ်တွေက ပြန်လည် ထိန်းချုပ်လာနိုင်သလို ရုရှားတပ်တွေကို ဆုတ်ခွာစေခဲ့ရကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဝန်ခံပါတယ်။

ဒီအခြေအနေတွေက ရုရှားအပေါ် ယူကရိန်းက အောင်ပွဲ ခံနိုင်ခြေ ရှိနေတယ်ဆိုတဲ့ အယူအဆကို တွန်းအားပေးခဲ့ပြီး ယူကရိန်းအတွက် စစ်လက်နက် ပံ့ပိုးပေးနေတဲ့ မဟာမိတ်တွေကိုလည်း အားတက်လာစေလိမ့်မယ်လို့ နိုင်ငံတကာရေးရာ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ယူကရိန်းဟာ စစ်ပွဲ အစပိုင်းမှာ ရုရှားလုပ် စစ်လက်နက် အများစုကိုသာ အသုံးပြုပြီး ခုခံ တိုက်ခိုက်ခဲ့ပေမယ့် အဲဒီ လက်နက်တွေဟာ အချိန်တိုအတွင်း ကုန်ခန်းသွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ NATO စံနှုန်းနဲ့ စစ်လက်နက်တွေကို ပိုပြီး အားပြုရင်း တိုက်ပွဲဆက်ဝင်နေခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ မဟာမိတ်တွေက တာဝေးပစ် စစ်လက်နက်တွေ ပီပီပြင်ပြင် ပေးပို့ ထောက်ပံ့လာတဲ့ အချိန်ကစလို့ စစ်မြေပြင်မှာ ယူကရိန်းတပ်တွေ အခြေအနေ သိသိသာသာ ပိုကောင်းလာနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။