Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း တန်ပြန်ထိုးစစ် စတင်ပြီး ရက်ပိုင်းအတွင်း ခါကစ်ဗ်မြို့က ရုရှားတပ်တွေ ဆုတ်ခွာ

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ အင်အား ပြန်စုဖို့အတွက် ခါကစ်ဗ်က တပ်တွေကို ရုပ်သိမ်းစေခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ယူကရိန်း တန်ပြန်ထိုးစစ် စတင်ပြီး ရက်ပိုင်းအတွင်း ခါကစ်ဗ်မြို့က ရုရှားတပ်တွေ ဆုတ်ခွာ
ယူကရိန်း တန်ပြန်ထိုးစစ် စတင်ပြီး ရက်ပိုင်းအတွင်း ခါကစ်ဗ်မြို့က ရုရှားတပ်တွေ ဆုတ်ခွာ

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ ခါကစ်ဗ်မြို့မှာ ဖြန့်ကျက်ထားတဲ့ စစ်တပ်တွေကို ပြန်လည် ရုပ်သိမ်း ဆုတ်ခွာပေးလိုက်ရပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ယူကရိန်း အစိုးရက နိုင်ငံ အရှေ့ခြမ်းမှာ တန်ပြန်ထိုးစစ် အစပြုနေပြီလို့ ကြေညာပြီး ရက်ပိုင်းလောက် အကြာမှာပဲ ထင်သာမြင်သာတဲ့ အောင်ပွဲတွေ ရရှိနေကြောင်း ဒီကြေညာချက်က သက်သေခံနေပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ကျူးကျော်ဖို့ စစ်ကြေညာပြီး တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းရဲ့ ကြံ့ကြံ့ခံ တွန်းလှန်မှုတွေကြောင့် ရုရှားဟာ အိမ်နီးချင်းနိုင်ငံ တစ်ခုလုံးကို သိမ်းယူမယ့် ရည်မှန်းချက်ကို အဆောတလျင် စွန့်ခွာလိုက်ရပြီး ယူကရိန်း အရှေ့ပိုင်းနဲ့ တောင်ပိုင်း နယ်မြေတွေကိုတော့ ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ခါကစ်ဗ်ခရိုင်ရဲ့ အရှေ့ဖျား အစိတ်အပိုင်း တချို့ဟာလည်း ရုရှားတပ်တွေနဲ့ ရုရှားလိုလားတဲ့ ဒေသခံ ခွဲထွက်ရေး အဖွဲ့တွေ လက်ထဲ ကျရောက်နေခဲ့ပါတယ်။

ဩဂုတ် လကုန်မှာတော့ ယူကရိန်း အစိုးရဟာ ကာလရှည်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ တန်ပြန်ထိုးစစ်ကို အစပြုပြီလို့ ကြေညာပြီး ရုရှားလက်ထဲက နယ်မြေတွေကို ပြန်ရဖို့ အားထုတ်လာပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက လက်နက် အထောက်အပံ့တွေ ရရှိထားတဲ့ ယူကရိန်း တပ်တွေဟာ မြေပြင်မှာ ထိရောက်တဲ့ အောင်ပွဲတွေ မြန်မြန်ဆန်ဆန် ရယူနေနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကြွေးကြော်ခဲ့ပါတယ်။

ခါကစ်ဗ်ခရိုင်ထဲမှာ ယူကရိန်း တပ်တွေက မြို့ငယ်၊ ရွာငယ် တော်တော်များများကို ဆက်တိုက် သိမ်းယူနေပြီလို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ခါကစ်ဗ်မြို့ အခြေစိုက် တပ်တွေ ရုပ်သိမ်းရပြီလို့ ဝန်ခံခဲ့တာပါ။ ခရိုင်မြို့တော် ခါကစ်ဗ်ကနေ အခုသီတင်းပတ်ကုန်ကစလို့ ရုရှားတပ်တွေ ထွက်ခွာနေတာ တွေ့ရကြောင်း ဒေသခံတွေကလည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ခါကစ်ဗ်မြို့ အပါအဝင် ခရိုင်တစ်ခုလုံးကို လက်လွှတ်ရမယ့် အခြေအနေတွေကြောင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း အရှေ့ဖျားက ထိန်းချုပ် နယ်မြေတွေဆီ ရုရှားစစ်တပ်တွေ ကတိုက်ကရိုက် အင်အားဖြည့် ပို့ဆောင်ဖို့ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ရုရှားတပ်တွေ ကိုယ်တိုင်က စစ်တိုက်ဖို့ စိတ်မပါတော့ဘဲ စိတ်ဓာတ် ကျဆင်းနေတဲ့ ပြဿနာကိုတော့ ပူတင်အနေနဲ့ အဖြေရှာဖို့ ခက်နေလိမ့်မယ်လို့ စစ်ရေး သုတေသီတွေက သုံးသပ်နေကြပါတယ်။

ယူကရိန်း အနေနဲ့တန်ပြန်ထိုးစစ်ကို ပီပီပြင်ပြင် ပုံဖော်လာနိုင်တာဟာ ၇ လလောက် ကြာမြင့်လာတဲ့ စစ်ပွဲအတွင်း အမြင်သာဆုံး စစ်ရေး အောင်မြင်မှုတွေ ပြန်လည် ရရှိလာတဲ့ သဘောပါပဲ။ ခါကစ်ဗ်မှာ ရုရှားတပ်တွေဟာ သူတို့ အကျွမ်းကျင်ဆုံး လုပ်ရပ်တစ်ခုကို ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်ပြနေကြောင်း၊ အဲဒါကတော့ ကျောပေးပြီး ထွက်ပြေးကုန်ကြတာဖြစ်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီးက လှောင်ပြောင်ခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီဂေါ် ကိုနာရှန်ကော့ဗ်ကတော့ ယူကရိန်း အရှေ့ပိုင်း ဒွန်းညက်စ် ဒေသမှာ အင်အား ပြန်စုဖို့အတွက် ခါကစ်ဗ်က တပ်တွေကို ရုပ်သိမ်းစေခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ဗြိတိန် စစ်ထောက်လှမ်းရေးရဲ့ အဆိုအရ ယူကရိန်း တပ်တွေဟာ ရက်ပိုင်းအတွင်းမှာတင် ခါကစ်ဗ် တောင်ပိုင်းမှာ ကီလိုမီတာ ၅၀ လောက်ထိ ခရီးပေါက်အောင် ထိုးဖောက်နိုင်ခဲ့ပြီး ဒီအခြေအနေက ရုရှား စစ်တပ်ကို အကြီးအကျယ် အံ့ဩ အငိုက်မိစေခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။