▪︎အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ NUG ယာယီသမ္မတတိုက်တွန်း
အဆုံးအဖြတ်တိုက်ပွဲကို စနစ်တကျ စီမံကွပ်ကဲနိုင်ဖို့ NUG အစိုးရအဖွဲ့ဝင်အားလုံးပြင်ဆင်ထားရမယ်လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ကျင်ပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ NUG ကြေညာထားတဲ့ လာမယ့်တစ်နှစ် အဆုံးအဖြတ်တိုက်ပွဲအတွက် မဟာမိတ်စစ်ရေး တပ်ပေါင်းစုနဲ့ စနစ်တကျ စီမံကွပ်ကဲကြဖို့၊ နိုင်ငံရေးအရ သစ္စာစောင့်သိကြဖို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။ စစ်ကောင်စီဟာ သူ့အကျိုးစီးပွားနဲ့ အာဏာအတွက်ဆိုရင်အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ်ရယ်လို့ မခွဲခြားဘဲ တိုက်ခိုက်နေတာကို အားလုံးလည်း သိပြီးဖြစ်ပြီး တဖြည်းဖြည်းနဲ့ မြို့ပြတွေအထိ စစ်ဆင်ရေးနယ်တွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်တွက်ဆထားကြဖို့ ယာယီသမ္မတက သတိပေးပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေး ထွက်ပေါက် ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ် မပြုဘူးဆိုတဲ့ အဆင့်ထက် ကျော်လွန်စဉ်းစားထားကြဖို့လည်း သူက တိုက်တွန်းပါတယ်။

▪︎စစ်တပ်ကို အရေးယူနိုင်ရေး ICC အားအဆိုပြုဖို့ ကုလလုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး ပြော
ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာစစ်တပ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်လို့အရေးယူနိုင်ရေး နိုင်ငံတကာရာဇ၀တ်ခုံရုံး(ICC)ကို အဆိုပြုရမယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း မနေ့က တိုက်တွန်းပြောဆိုပါတယ်။ ပြည်တွင်းလုပ်ဆောင်ချက်တွေနဲ့ မြန်မာပြည်သူတွေကို အကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေမှာ နိုင်ငံတကာအသိုင်းအဝန်းက အကာအကွယ်ပေးအပ်ဖို့ တာဝန်ရှိတယ်လို့ သံအမတ်ကြီးက ထောက်ပြပါတယ်။

စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို ညှဥ်းပန်းနှိပ်စက် သတ်ဖြတ်နေခြင်းကို နိုင်ငံတကာက တိတ်ဆိတ်စွာ လက်ပိုက်ကြည့်နေတာကို မြန်မာပြည်သူတွေက လက်မခံနိုင်သလို အခုအစည်းအဝေးခန်းအတွင်း ရှိတဲ့ မိမိတို့အနေနဲ့လည်း ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် သံအမတ်ကြီးဟာ ကလေးငယ်တွေနဲ့ပတ်သက်တဲ့အစည်းအဝေးမှာ မြန်မာစစ်တပ်က အသက် ၃ နှစ် ၃ လအရွယ် ကလေးငယ်တစ်ဦးကို ရာဇ၀တ်သားတစ်ဦးလို ဆက်ဆံနေချိန်မှာ ကုလသမဂ္ဂက ဘယ်လိုဆောင်ရွက်မှုမျှမရှိဘဲ တိတ်ဆိတ်နေတာကို အထွေထွေညီလာခံမှာ မေးခွန်းထုတ်ခဲ့ပါတယ်။

Public Service Announcement

▪︎ဂျပန်လှူထားတဲ့ ရေယာဉ်တွေကို စစ်ရေးအတွက် စစ်ကောင်စီ ရခိုင်မှာ အသုံးချနေ
ရခိုင်ပြည်နယ်ရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုဖို့ ဂျပန်အစိုးရ လှူဒါန်းထားတဲ့ အရပ်ဘက်သုံး ရေယာဉ်တွေကို စစ်ကောင်စီက စစ်ရေးအတွက် အသုံးချနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့ HRW က အသိပေးလိုက်ပါတယ်။ ဂျပန်အစိုးရက ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရခိုင်အတွက် လှူဒါန်းထားတဲ့ အရပ်ဘက်သုံး ရေယာဉ် ၃ စီးအနက် ၂ စီးကို ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ရေးမှာ စစ်ကောင်စီက အသုံးပြုခဲ့တယ်လို့ HRW ကဆိုထားပါတယ်။ ကစ္ဆပနဒီ – ၁ နဲ့ ကစ္ဆပနဒီ −၂ ရေယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေကို သယ်ဆောင်ကာ မေယုမြစ်ကြောင်းအတိုင်း ဘူးသီးတောင်မြို့နယ်ဆီ စက်တင်ဘာလအတွင်းပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။ ဘူးသီးတောင်မြို့နယ်ဟာ ရက္ခိုင့်တပ်တော် AA နဲ့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀၀ ထက်မနည်း ပို့ဆောင်ပေးခဲ့တာလို့သိရပါတယ်။

▪︎ပွင့်ဖြူမြို့အနီးရှိ စံပြရွာမှ ဒေသခံပြည်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီတပ် ဝင်ရောက်ဖမ်းဆီးသွားဟု ဒေသခံပြော
မကွေးတိုင်း ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်အင်အားအများအပြားဟာ ဒီနေ့မနက် အစော ၂နာရီခန့်မှာ ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရွာသား ၈ ဦး ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရာမှာ NLD ပါတီဝင်များ၊ ထောက်ခံ ဝန်းရံသူများ၊ စစ်အာဏာရှင်ဆန့်ကျင်သူများကို ပစ်မှတ်ထား ဖမ်းဆီးတာလို့ ဒေသခံပြောပါတယ်။ နောက်ပြီး ဖမ်းဆီးခံရသူများထဲမှာ CDM ကျောင်းဆရာမ အချို့ပါဝင်တယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။

▪︎ကရင်နီဒေသရှိ စစ်ရှောင်ကလေးငယ်များရဲ့ ပညာသင်ကြားရေးမှာ ဖတ်စာအုပ်များလိုအပ်နေ
ကရင်နီဒေသရှိ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားရေးမှာ ကျောင်းသားသုံးဦးလျှင် ဖတ်စာအုပ်တစ်အုပ်သာရှိတာကြောင့် ဖတ်စာအုပ်များအရေးတကြီးလိုအပ်နေတယ်လို့ ကရင်နီပြည်နယ်လုံးဆိုင်ရာ ဆရာ၊ ဆရာမများသမဂ္ဂက ပြောပါတယ်။ ဒေသတစ်ခုလုံးမှာ ကြားကာလပညာရေးဖော်ဆောင်နေတဲ့ ပညာရေးကျောင်း (၂၈၀)ကျော်ရှိရာ အဲဒီကျောင်းတွေမှာ ပညာသင်ယူနေတဲ့ စစ်ရှောင်ကျောင်းသားဦးရေ (၃၁,၇၃၅)ဦးရှိတယ်လို့ ဆိုပါတယ်။ ဖတ်စာအုပ်နဲ့ သင်ထောက်ကူ ပစ္စည်းများ လိုအပ်နေတဲ့အပြင် စစ်ကောင်စီတပ်ရဲ့ နေ့စဥ်နီးပါးလက်နက်ကြီးပစ်ခတ်မှုများကြောင့် အန္တရာယ်ကြားမှ ပညာရေးကိုခက်ခက်ခဲခဲဖော်ဆောင်နေရတယ်လို့ ဆရာမတစ်ဦးက ပြောပါတယ်။


▪︎YDF ဒုစစ်ဦးစီးချုပ်ကျဆုံးခြင်းအပေါ် AA အာလဖာ (၃) စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပို့
ယောဒေသကာကွယ်ရေးတပ်(YDF)ရဲ့ ဒုစစ်ဦးစီးချုပ် ကျဆုံးခဲ့ခြင်းအပေါ် ရက္ခိုင့်တပ်တော်(AA) အာလဖာ(၃)စစ်ဒေသက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လာတယ်လို့ YDFက သတင်းထုတ်ပြန်ပါတယ်။ AA နဲ့ YDF ရဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မပြောနိုင်သေးပေမယ့် AA နဲ့ မဟာမိတ် နီးကပ်နွေးထွေးတဲ့ဆက်ဆံရှိပြီး လှုပ်ရှားတဲ့နယ်မြေ ဆက်စပ်မှုရှိ တယ်လို့ ဆိုပါတယ်။ YDF ဒုစစ်ဦးစီးချုပ် ဖြိုးဝေစိုးဟာ အောက်တိုဘာ ၉ရက်မှာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် ကျဆုံးခဲ့ရပါတယ်။ ကျဆုံးရမှုအပေါ် ULA/AA အနေနဲ့ ကျန်ရစ်သူ မိသားစုများ တော်လှန်ရေးလုပ်ဖော်ကိုင်ဘက်များ၊ ပြည်သူလူထုများနဲ့ ထပ်တူနှမြောတသ ဝမ်းနည်းကြေကွဲရတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
▪︎ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲ၊ စစ်ကောင်စီတပ် သေဆုံးမှုများနိုင်
ရေး – ထားလမ်းပိုင်း မောင်မယ်ရှောင်တံတားအနီးမှာ စစ်ကောင်စီတပ်ယာဥ်တန်းကို နှစ်ကြိမ်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးများနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ပြောပါတယ်။ ဒီနေ့မနက်ပိုင်းက ရေး – ထားဝယ်လမ်း မောင်မယ်ရှောင်တံတားအနီးမှာ ထားဝယ်ကနေ ရေဖြူမြို့ဘက်ကို ဦးတည်လာတဲ့ အစီးရေ ၉ စီးပါ စစ်ကောင်စီတပ်ယာဥ်တန်းကို တိုက်မိုင်းတစ်လုံး၊ ရှေ့ ထွက်မိုင်းနှစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ယာဥ်တန်းမှ လေးစီးမြောက်ယာဥ်မှာ မိုင်းထိပြီး လမ်းဘေးချော်ကျသည်ကိုတွေ့ရှိရပြီး ထိခိုက်သေဆုံးမှုများနိုင်ကာ အတိအကျမသိရသေးဘူးလို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

▪︎မြောင်နယ်ကို ဖျက်ဆီးပြီးပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းနဲ့တိုက်ခိုက်
စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ မွှေနှောက်ဖျက်ဆီးပြီး မန္တလေးတိုင်းဘက်ပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူအများအပြားရှိတယ်လို့ Myingyan 35 အဖွဲ့က ထုတ်ပြန်ပါတယ်။ မြင်းခြံ – နဘူးအိုင်လမ်းမှာ အဖွဲ့ကိုယ်ပိုင်ထုတ် ပြင်းအားမြင့် ပဒေသာမိုင်း ၅လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီယာဥ်တန်းမှာ ၇စီးတစ်စု၊ ၅စီးတစ်စု မောင်းနှင်လာခြင်းဖြစ်ပြီး ရှေ့မှမောင်းနှင်လာတဲ့ ၇ စီး ပဒေသာမိုင်းထိသွားတယ်လို့ ထုတ်ပြန်ပါတယ်။ ကားနှစ်စီးပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးကာ ၂ ဦးပြင်းထန်ဒဏ်ရာရရှိပြီး ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Myingyan 35 အဖွဲ့က ပြောပါတယ်။
▪︎ရွှေဘို – ကျောက်မြောင်းလမ်းမှာ စစ်ကောင်စီယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့လိုက်ပါတဲ့ ၁၂ ဘီးယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများတယ်လို့ Burma Rangers (ShweBo) အဖွဲ့သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ ပြည်သူနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ၁၂ဘီးယာဉ်ကို ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာလမ်းခွဲထိပ်တည့်တည့်မှာ စောင့်ဆိုင်းကာ မိုင်း၁၆လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ မိုင်းဆွဲရာနေရာမှာပင် စစ်ကောင်စီတပ်သား ၇ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ တပ်တွင်းသတင်းပေးချက်အရ အေဒီက ဆက်ပြောပါတယ်။


















































