▪︎မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ လိပ်ရစခန်းကို AA တိုက်ခိုက်သိမ်းပိုက်
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်း တစ်ခုဖြစ်တဲ့ လိပ်ရစခန်းကို ရက္ခိုင့်တပ်တော်(AA)က ဒီနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒေသတွင်း သတင်းဌာနအချို့ကိုဖြေကြားချက်အရ အဲဒီလိပ်ရစခန်းကို ဒီနေ့မနက်ပိုင်းက သိမ်းပိုက်နိုင်ခဲ့တာပါ။ စခန်းသိမ်းနိုင်ခဲ့တာနဲ့အတူ လက်နက်ခဲယမ်းမီးကျောက်အချို့၊ စစ်သုံ့ပန်းအချို့လည်း သိမ်းဆည်းရမိခဲ့ပြီး အရေအတွက်အတိအကျကိုမူ မသိရသေးဘူးလို့ ဦးခိုင်သုခက ဆိုပါတယ်။ AA ဟာ ဩဂုတ်လကစတင်ပြီး ပလက်၀၊ မောင်တော ဒေသများရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

▪︎စစ်ကောင်စီရဲ့ ဆွေးနွေးဖက် RCSS က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးလိုကြောင်း ကမ်းလှမ်း
အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ့ဆုံဆွေးနွေးလိုတယ်လို့ ဒီနေ့ ကမ်းလှမ်းချက် ထုတ်ပြန်ပါတယ်။ RCSS ရဲ့ ဖိတ်ခေါ်ချက်ဟာ အောက်တိုဘာ ၁၀ရက် ကနေ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ရက် အထိ သတ်မှတ်ထားပြီး တွေ့ဆုံဆွေးနွေးခြင်းက တစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာ ဆက်ဆံနိုင်ရေး၊ အထင်မှားမှုများအား လျှော့ချနိုင်ရေး၊ နားလည်မှုရှိရေး၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ လူထု တိုင်းပြည်အကျိုးအတွက် နိုင်ငံရေးနည်းလမ်းနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ရေး ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ကမ်းလှမ်းချက်မှာ လက်ရှိ နိုင်ငံတဝန်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့တွေကို ဖော်ပြထားခြင်း မရှိပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လာမယ့်တစ်နှစ်တာကို တော်လှန်ရေးအဆုံးအဖြတ်နှစ်အဖြစ် သတ်မှတ်ကြေညာထားပြီး ရက်ပိုင်းအကြာမှာ RCSS ရဲ့ ဖိတ်ခေါ်ကမ်းလှမ်းချက် ထွက်ပေါ်လာတာပါ။

▪︎မြိုင်နယ်မှာ ပျူစောထီး၂၇ဦး ပြည်သူနဲ့လာရောက်ပူးပေါင်း
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပျူစောထီးအင်အားလျော့နည်းလာပြီး ဇီးပြားကျေးရွာရှိ ပျူစောထီး ၂၇ ဦးဟာ ပြည်သူနဲ့ပူးပေါင်းကာ အလင်းဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယျာက ပြောပါတယ်။ အောက်တိုဘာ ၈ ရက်က မြိုင်မြို့နယ်၊ ဇီးပြားရွာမှ ပျူစောထီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၂၇ဦးတို့ဟာ အမြင်မှန်ရရှိကာ စစ်ကောင်စီနဲ့ပူးပေါင်းခြင်း မရှိတော့ဘဲ ကျေးရွာနေအိမ်တွေကို စွန့်ခွာကာ ကာကွယ်ရေးအဖွဲ့တွေထံ ပူးပေါင်းလာခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့က ပြောပါတယ်။ သူတို့ကိုဒေသအသီးသီးရှိ စစ်ရှောင်စခန်းများသို့ စားဝတ်နေရေးစောင့်ရှောက်ပေးခြင်း၊ လက်ကိုင်ဖုန်းများမှ ဆင်းကတ်များသိမ်းဆည်းခြင်း၊ အထိုင်ဖုန်းတို့ဖြင့် ဆွေမျိုးများထံ ကောင်းမွန်စွာနေထိုင်ရကြောင်း ဆက်သွယ်စေခြင်း၊ မိမိတို့သွားလိုရာဒေသများသို့ သွားလာရန်စီစဥ်ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းတို့ဆောင်ရွက်ပေးထားတယ်လို့ မြိုင် (ပကဖ)အဖွဲ့က ပြောပါတယ်၊ မြိုင်နယ်မှာ ကျေးရွာပေါင်း ၃၃၀ ကျော်ရှိရာ ပျူရွာအရေအတွက်မှာ လက်တစ်ဖက်စာပင် မပြည့်တော့ဘဲ ပျူများဟာ အလင်းဝင်ရောက်ပြီးနောက် အခြားနယ်ဒေသတွေဆီ ပြောင်းရွှေ့သွားတယ်လို့ ဗိုလ်လက်ယျာက ပြောပါတယ်။

Public Service Announcement

▪︎မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး သေဆုံး
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် လျှပ်စစ်ရုံးမှာ မနေ့ နေ့ခင်းကပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးတာဝန်ကျတဲ့ဂိတ်စောင့် စစ်ကောင်စီတပ်ကြပ်ကြီးသေဆုံးသွားတယ်လို့သိရပါတယ်။
ဂိတ်စောင့်တာဝန်ကျတဲ့ စစ်ကောင်စီ တပ်သား နှစ်ဦး အချင်းများရာကနေ ပစ်ခတ်မှုဖြစ်ပြီး တပ်ကြပ်ကြီးကျော်မျိုးထွန်းဆိုသူသေဆုံးသွားတယ်လို့ ဒေသခံအချို့က ပြောပြပါတယ်။ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားကိုတော့ နန်းတွင်းထဲမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
▪︎ဝက်လက်အရှေ့ခြမ်း လေကြောင်းတိုက်ခိုက်မှုအတွင်း ရဲဘော်တစ်ဦးနဲ့ ပြည်သူနှစ်ဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း Black Wolf PDFအဖွဲ့ ရဲဘော်တစ်ဦးနဲ့ ဒေသခံပြည်သူနှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၈ ရက် နေ့ခင်းပိုင်းမှာ စစ်ကောင်စီတပ်ဟာ ဂျက်ဖိုက်တာ နှစ်စီး၊ ရဟက်ယာဥ်လေးစီးနဲ့ ဝက်လက်မြို့နယ် ငါးပတ်ချောင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက်စီးနင်း ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီနေ့က ရဲဘော် ၈ ဦးထက်မနည်းကျဆုံးခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိခဲ့ပါတယ်။ မနေ့ မနက်ပိုင်းမှာတော့ ရဲဘော်(BW Sniper)ကို ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ Black Wolf PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အဲဒီရဲဘော်နဲ့အတူ ပြည်သူနှစ်ဦးကိုလည်း စစ် ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

▪︎ဖားကန့် နယ်ထိန်းခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ
ဖားကန့်မြို့ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရပြီး ပစ်ခတ်သူတွေက အဲဒီနယ်ထိန်း စီးလာတဲ့ ကားကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်ထိန်းရဲအုပ်သက်ပိုင်ဦးဟာ မရှီထောင်ရပ်ကွက်ရှိ စျေးဆိုင်တစ်ခုအနီးမှာ ပစ်သတ်ခံရတာဖြစ်ပြီး အသံတိတ်သေနတ်လိုမျိုးနဲ့ သုံးချက်ပစ်ခဲ့ကာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရဲအုပ်သက်ပိုင်ဦးဟာ မောက်မာသူဖြစ်ပြီး အခွင့်အာဏာကို ကျော်လွန်အသုံးချနေတဲ့ ရဲအရာရှိတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
▪︎အင်းတကော်မှာလည်း နယ်ထိန်းခေါင်းဆောင် ရှင်းလင်းခံရ
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် အင်းတကော်နယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် နယ်ထိန်းခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ အင်းတကော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF)က ပြောပါတယ်။ မနေ့ မနက်ပိုင်းက အင်းတကော်မြို့နယ် ဟံသာဝတီဂေါက်ကွင်းအနီး အင်းတကော်ရဲစခန်း၊ သာယာအေးအပိုင်နယ်ထိန်း ရဲတပ်ကြပ် တင့်နိုင်ဦးဆိုသူကို IPDF က သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီနယ်ထိန်းဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ကာကွယ်ရမယ့်အစား အပိုင်နယ်မြေအတွင်းမှာရှိတဲ့ ဘော လုံး၊ နှစ်လုံး၊ သုံးလုံး ဒိုင်တွေဆီကနေ အပတ်စဥ်ကြေး လစဥ်ကြေးကောက်ပြီး ချမ်းသာနေသူတစ်ဦးဖြစ်တယ်လို့ IPDF တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ လောင်းကစားဒိုင်တွေနဲ့ အရက်ပုန်းဆိုင်တွေဆီကနေ လစဥ်ကြေး၊ အပတ်စဥ်ကြေးလာယူစဥ်မှာ သေနတ်နဲ့ သုံးချက်ပစ် ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

▪︎ကျောက်ရစ်စခန်းအနီးရှိ စစ်ကောင်စီလုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းအနီးရှိ စစ်ကောင်စီတပ်ရဲ့ လုံခြုံရေးဂိတ်ကို လေးရက်ကြာ ကြိုတင်ပြင်ဆင်ပြီး မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ CDSOM အဖွဲ့ဝင် ကိုနွေဦးက ပြောပါတယ်။ မနေ့ မနက်ပိုင်းက အဲဒီ လုံခြုံရေးဂိတ်အတွင်းသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တစ်ညနဲ့ တစ်ရက် စွန့်စွန့်စားစား လုပ်ဆောင်ခဲ့တာဖြစ်ပြီး CDSOM၊ Joker GZ၊ M2Wအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
▪︎ပေါက်မြို့နယ်မှာ ရဲစခန်း ကတုပ်ကျင်းတူးပေးတဲ့ ပျူတစ်ဦး ရှင်းလင်းခံရ
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တဲ့ ပျူစောထီးတစ်ဦး မနေ့က သုတ်သင် ရှင်းလင်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပေါက်မြို့နယ် ရေပြာလမ်းဆုံမှာ ရွှေလှံကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ကိုစောလင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရတာလို့ ဆိုပါတယ်။ ကိုစောလင်းဟာ ပျူစောထီးခေါင်းဆောင် ကိုစိုးသိုက်ထွန်းရဲ့ညာလက်ရုံးဖြစ်ပြီး ကိုစောလင်းမှာ ရေပြာရဲစခန်းအတွင်း ကတုတ်ကျင်းများ လုပ်ဆောင် ပေးခြင်း၊ ပေါက်နယ်တောင်ပိုင်းကျေးရွာများကို စစ်ကောင်စီတပ်စစ်ကြောင်းနဲ့အတူ မီးရှို့ရာတွင်ပါဝင်ခြင်း စတဲ့ အကြမ်းဖက်စစ်ကောင်စီကို ကူညီပါဝင်နေသူဖြစ်ပါတယ်။ ဒါ့ကြောင့် သူရဲ့ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရေပြာလမ်းဆုံအရောက်မှာ ခုခံထွက် ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ရှင်းလင်းခဲ့ရတာလို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
▪︎အိန္ဒိယရောက် မြန်မာများက သီတဂူဆရာတော်နဲ့မင်းအောင်လှိုင်ကို ရှုတ်ချကြောင်း ဆန္ဒပြ
အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေနဲ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတွေပူးပေါင်းပြီးတော့ အိန္ဒိယသို့ ရောက်ရှိနေတဲ့ သီတဂူဆရာတော်နဲ့မြန်မာသံရုံးမှ Non CDM ဝန်ထမ်းတွေ၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့အပေါ် ကန့်ကွက်ရှုံ့ချကြောင်း ယနေ့ (အောက်တိုဘာ ၁၀) ၌ ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူများက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိမြန်မာသံရုံးရှေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ ပူးပေါင်းဆောင်ရွက်နေသူတွေ အားလုံးကို ရှုတ်ချကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။




















































