Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်က အပြင်းထန်ဆုံးရှုတ်ချတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ဟာ တရားဥပဒေကို ရည်ရွယ်ချက်ရှိစွာ နိုင်ငံရေး၊ ပါတီစွဲအရ အသုံးချတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုပြစ်ဒဏ်အသစ်ဟာ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားသွားစေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာမဲ့စွာ သိက္ခာချကာ အရပ်သားခေါင်းဆောင်ကို နိုင်ငံရေးမှ အပြီးအပိုင်ဖယ်ရှားပစ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ဆန္ဒကို ပြသတာလို့လည်း ဆိုပါတယ်။ ပြင်သစ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ သမိုင်းဝင် ခေါင်းဆောင်များ အပါအဝင် ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ဖေါ်ဆောင်ရေးအတွက် သူ့ရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောပါတယ်။ နောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ မြန်မာလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်တဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ပြင်သစ်က ထပ်မံတောင်းဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ထပ်မံချမှတ်ခြင်းကို ပြင်သစ်အပြင်းထန်ဆုံးရှုတ်ချ

▪︎စစ်တပ်ကို လက်နက်ရောင်းချနေတဲ့နိုင်ငံများပူးတွဲတရားခံလို့ မြန်မာသံအမတ်ကြီး သတိပေး

မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေတဲ့ နိုင်ငံတွေဟာ အပြစ်မဲ့မြန်မာပြည်သူများအပေါ် ကျူးလွန်တဲ့ စစ်တပ်ရဲ့ ရက်စက်သတ်ဖြတ်မှုတွေမှာ ပူးတွဲပါဝင်နေမှာဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာပြောပါတယ်။ အဲဒီနိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကိုလက်နက်များ၊ဆက်စပ်နည်းပညာများနဲ့ဆက်စပ်စစ်လက်နက်ပစ္စည်းများ ရောင်းချနေခြင်းကို ချက်ချင်းရပ်တန့်ပေးဖို့ သံအမတ်ကြီးက ကုလသမဂ္ဂအထွေထွေညီလာခံကတဆင့် အောက်တိုဘာ ၁၁ရက်မှာ တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာဟာ မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းများ ရောင်းချနေမှုကို ရပ်တန့်နိုင်ရေး တိကျပြတ်သားစွာဆုံးဖြတ်နိုင်မှုအပေါ် များစွာ မူတည်နေတယ်လို့ သံအမတ်ကြီးက ထည့်သွင်း ပြောကြားပါတယ်။

▪︎ဈေးကွက်ပေါက်ဈေး အွန်လိုင်းမတင်ဖို့ ရွှေဆိုင်တွေကို စစ်ကောင်စီဖိအားပေး

စစ်ကောင်စီဟာ ရွှေဆိုင်တွေကို ဆိုင်ရဲ့ လူမှုကွန်ရက်တွေမှာ ဈေးကွက်ပေါက်ဈေးမဖော်ပြဖို့ ဖိအားပေးလာတာတွေရှိတယ်လို့ သိရပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးရွှေဆိုင်အချို့ကလည်း ဒီရက်ပိုင်း အခြေအနေအခက်အခဲ အချို့ကြောင့် အရင်လို ရွှေ ဈေးနှုန်း အချိန်နဲ့တပြေးညီ မဖော်ပြနိုင်တာကို သည်းခံပေးကြဖို့ ပြီးခဲ့တဲ့ နာရီပိုင်းက တောင်းပန်လာကြတာတွေ့ရပါတယ်။ ရွှေဈေးနှုန်းကို အရင်ကလို မဖော်ပြနိုင်တဲ့အကြောင်းရင်းကိုတော့ မပြောထားကြပါဘူး။ ဒီလို ရွေဆိုင်တွေကို ဖိအားပေးလာတဲ့အချိန်ဟာ ရွှေဈေးကျဖို့ စစ်ကောင်စီ က ရန်ကုန်နဲ့မန္တလေးမှာ ရွှေအသင်းတွေကတဆင့် ရွှေရောင်းချခိုင်းထားတဲ့အချိန်လည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဈေးကွက်ပေါက်ဈေး အွန်လိုင်းမတင်ဖို့ ရွှေဆိုင်တွေကို စစ်ကောင်စီဖိအားပေး
ဈေးကွက်ပေါက်ဈေး အွန်လိုင်းမတင်ဖို့ ရွှေဆိုင်တွေကို စစ်ကောင်စီဖိအားပေး

▪︎KNU တပ်မဟာ(၅)ရဲ့ တိုက်ခိုက်မှုကြောင့် လေးရက်အတွင်း စစ်ကောင်စီတပ် ၂၀ဦးခန့်သေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်မှာ အောက်တိုဘာ ၇ ကနေ ၁၀ ရက်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၀ ရက်မှာ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ဖာပွန်ခရိုင် လူသော၊ ဒွယ်လိုး၊ ဘူးသို မြို့နယ်များရှိ စစ်ကောင်စီတပ်တွေကို ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ အောက်တိုဘာ ၉ ရက်ကလည်း ဖာပွန်မြို့အနီး ကူးဆိပ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၁ ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရှေ့နှစ်ရက်အတွင်း တိုက်ပွဲ လေးကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲတွေမှာ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များထိခိုက် သေဆုံးမရှိကြောင်း အသိပေးထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)ရဲ့ ပြည်သူလူထု နေထိုင်ရာ နေရာများကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

▪︎YDF ဒုခေါင်းဆောင်နဲ့ ရဲဘော်တစ်ဦး ကျဆုံးမှုအပေါ်ဝမ်းနည်းကြောင်း မင်းတပ် CDFထုတ်ပြန်

ယောကာကွယ်ရေးတပ် (YDF) ရဲ့ ဒုတိယခေါင်းဆောင်ကိုဖြိုးဝေစိုး နဲ့ ရဲတော်တစ်ဦး ကျဆုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းကြောင်းနဲ့ ကျဆုံးရဲဘော်များကို အလေးပြုဦးညွှတ်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ပါတယ်။ YDFမှ ရဲဘော် ညီဖြိုး (ခ) ဖြိုးဝေစိုး နဲ့ ရဲဘော်ပွားလေး (ခ)ပြည့်ဖြိုးလင်းတို့ဟာ အောက်တိုဘာ ၉ ရက်ကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲမှာ ကျဆုံးခဲ့တာပါ။ YDF ရဲဘော်များကျဆုံးတဲ့ သတင်းကြားရချိန်မှာပဲ မင်းတပ် CDF တပ်မဟာမှူးကိုယ်တိုင် YDF တာဝန်ရှိသူတွေထံ တိုက်ရိုက်ဆက်သွယ်ပြီး ဝမ်းနည်းကြောင်း သတင်းစကား ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ မင်းထပ် CDFနဲ့ YDFတို့ဟာ ညီနောင် တော်လှန်ရေးအဖွဲ့များဖြစ်တဲ့အပြင် နီးကပ်စွာ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း မင်းတပ် CDF ဟာ YDF အပါအဝင် အခြားညီနောင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို တိုက်ထုတ်ပြီး တန်းတူရေးနဲ့ တရားမျှတမှုကို ဖော်ထုတ်ကျင့်ကြံ အားထုတ်သွားမယ်လို့ အသိပေးပါတယ်။

YDF ဒုခေါင်းဆောင်၏ စျာပနတွင် ရဲဘော်များက အလေးပြုနေစဥ်၊ ဓာတ်ပုံ - ယောအလင်းတန်း
YDF ဒုခေါင်းဆောင်၏ စျာပနတွင် ရဲဘော်များက အလေးပြုနေစဥ်၊ ဓာတ်ပုံ – ယောအလင်းတန်း

▪︎ယာယီပိတ်ထားတဲ့ ရွှေဘို – ရေဦးလမ်းပိုင်း စစ်တပ်က သွားခိုင်းလို့ ဖြတ်သန်းသူအချို့ မိုင်းထိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ရွှေဘို-ရေဦးလမ်းပိုင်းကို ယာယီပိတ်ထားချိန် စစ်ကောင်စီတပ်က သွားခိုင်းလို့ ဖြတ်သန်းသွားလာသူအချို့ မိုင်းထိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ရွှေဘို​ – ညောင်ပင်သာ – ရေဦးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတိပေးထားတဲ့ကြားမှ ဖြတ်သန်းသွားလာသူများရှိနေပြီး မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေဘို – ရေဦးလမ်းပေါ်ရှိ ပန်းရံ-လိပ်ချင်း-စိုက်ပျိုးရေးလမ်းပိုင်းအပါအဝင် မည်သည့်လမ်းကိုမျှ သွားလာခွင့်ပြုမထားကြောင်း၊ စစ်ကောင်စီတပ်နဲ့ နောက်လိုက်တွေရဲ့ စကားနားယောင်ပြီး လမ်းပေါ်မတက်မိဖို့ SBLPDF အဖွဲ့က မေတ္တာရပ်ခံပါတယ်။

အောက်တိုဘာလဆန်းပိုင်းက ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ကုန်တင်ယာဥ်များ၊ဓာတ်ပုံ - CJ
အောက်တိုဘာလဆန်းပိုင်းက ရွှေဘို-ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်က လမ်းပိတ်ထား၍ စောင့်ဆိုင်းနေသော ကုန်တင်ယာဥ်များ၊ဓာတ်ပုံ – CJ

▪︎မြိုင်နယ် ကျောက်ခွက်ရေနံမြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီစခန်းကို ဒေသကာကွယ်ရေးတပ် မဟာမိတ်အဖွဲ့များက နေရာသုံးနေရာခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BlackGodပြောက်ကျားတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမိုးစက်က ပြောပါတယ်။ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ အထိုင်ချတပ်စွဲထားတဲ့ မြိုင်မြို့နယ်အနောက်ပိုင်းရှိ ကျောက်ခွက်ရေနံမြေ Well 2 အတွင်းရှိ စစ်ကောင်စီစခန်းကို မဟာမိတ်တပ်ဖွဲ့တွေက စစ်မျက်နှာ သုံးခုမှ တိုက်ခိုက်ခဲ့တာပါ။ လက်လုပ်လက်နက်ကြီး၊ လက်နက်ငယ်များ၊ အော်တိုသေနတ်များနဲ့ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များ၊ စက်သေနတ်များနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ တစ်နာရီခွဲခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်သားများ အထိအခိုက် အကျအဆုံး ရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ ကိုမိုးစက်က ပြောပါတယ်။ ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

▪︎စစ်ကောင်စီတပ်ကို နှစ််ကြိမ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၁၂ ဦးသေဆုံး၊ ရဲဘော်တစ်ဦးလည်း စိုးရိမ်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ကို နှစ်ကြိမ်တိုင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးတယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ တပ်စွဲထားတဲ့ အင်အား ၇၀ခန့်ရှိ စစ်ကောင်စီတပ်ဟာ မုံရွေး၊ ခင်မွန်နဲ့ အောင်ချမ်းသာကျေးရွာတို့မှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ (၃၀) ကျော်ကိုခေါ်ဆောင်ကာ နှစ်ဖွဲ့ခွဲပြီး ချောင်းဦးမြို့အနောက်ဖက်ကျေးရွာတွေဆီ ထွက်ခွာလာတာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း CHUPDF တပ်ခွဲ (၁) မှ ရဲဘော်တစ်ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎ဇီးကုန်း MEC သကြားစက်ရုံရှိ စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်း MEC သကြားစက်ရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ လင်းယုန်နီ ကန့်ဘလူအဖွဲ့ တာဝန်ခံက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် မနက်ပိုင်းက ဇီးကုန်း MEC သကြားစက်ရှိ ကင်းစောင့်စစ်ကောင်စီတပ်သားတွေကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒရုန်းနဲ့ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်လာရာ မိနစ်၂၀ခန့် အပြန်လှန်ပစ်ခက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ လင်းယုန်နီကန့်ဘလူအဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ