▪︎စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၆ နှစ် ချထားပြီးဖြစ်
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၃ နှစ် ထပ်ချလိုက်ပြီး စုစုပေါင်းထောင်ဒဏ် ၂၆ နှစ်အထိ ချထားပြီးဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဆီက အမေရိကန် ဒေါ်လာ ၅ သိန်းခွဲ လာဘ်ယူတယ်ဆိုပြီး စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ ၂ မှုနဲ့တရားစွဲထားတာပါ။ အဲဒီအမှု ၂ မှုကို နေပြည်တော်အချုပ်ထောင် စစ်ကောင်စီ တရားရုံးက ဒီနေ့အမိန့်ချရာ ထောင်ဒဏ် ၃ နှစ်စီ စုစုပေါင်း ၆ နှစ်ချခဲ့ပေမယ့် တပေါင်းတည်းကျခံဖို့အတွက် ဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။ တရားမဝင်အာဏာသိမ်းယူအပြီး စစ်ကောင်စီဟာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၉ ခုနဲ့ မတရားသဖြင့် တရားစွဲဆိုခဲ့ပြီး ပုဒ်မ ၁၄ ခု စီရင်ခဲ့ပြီးဖြစ်ပါတယ်။ အဂတိအမှုအပါအဝင် နောက်ထပ် ၅ မှုကို ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပါသေးတယ်။

▪︎ပါတီနိုင်ငံရေးကို ဆက်မလုပ်ချင်လို့ UBP ကို ဖျက်သိမ်းရခြင်းဖြစ်ဟု သူရဦးရွှေမန်းပြော
ပြည်ထောင်စုကောင်ကျိုးဆောင်ပါတီ(UBP)ဖျက်သိမ်းရခြင်းမှာ ပါတီခေါင်းဆောင်များ အသက်အရွယ်ကြီးရင့်လာခြင်း၊ ကျန်းမာရေးချို့တဲ့သူများရှိလာသလို လူမှုရေးနဲ့ အခြားအခက် အခဲများရှိလာခြင်း၊ ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ဖို့ ဆန္ဒမရှိတော့ခြင်းကြောင့်ဖြစ်တယ်လို့ ပါတီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ UBP ကို အောက်တိုဘာ ၁၁ ရက်စကပြီး ဖျက်သိမ်းတာကို အတည်ပြုပေးဖို့လည်း သက်ဆိုင်ရာကို တင်ပြထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ပါတီမှာ ပံ့ပိုးကူညီပါဝင်ဆောင်ရွက်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်အမှတ်ရနေမယ်လို့လည်း ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုအပြီး လပေါင်း ၂၀ အကြာမှာ UBP ဖျက်သိမ်းဖို့ဖြစ်လာခဲ့ပြီး စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲဖြစ်မြောက်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။

▪︎တိုယိုတာ Hilux ပစ်ကပ်ကားတွေ သီလဝါစက်မှုဇုန်မှာ စတင်တပ်ဆင်ထုတ်လုပ်
ကမ္ဘာကျော် တိုယိုတာ ကားကုမ္ပဏီဟာ Hilux ကားတွေကို သီလဝါ စက်မှုဇုန်မှာ စတင်တပ်ဆင်ထုတ်လုပ်နေပြီလို့ ဂျပန်အခြေစိုက် နစ်ကေးသတင်းဌာနက ဖော်ပြပါတယ်။ တိုယိုတာ ဟာ ပြည်တွင်းမှာ Hilux ကားတွေကို ၂၀၂၁ ဖေဖော်ဝါရီလမှာ တပ်ဆင်ထုတ်လုပ်ဖို့ စီစဉ်ထားပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ၁၉ လကြာနှောင့်နှေးခဲ့ရတာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာတော့ Hilux အမျိုးအစား ပစ်ကပ်ထရပ်ကားတွေကို သီလဝါစက်မှုဇုန်မှာ အရေအတွက် အနည်းငယ် စတင်ထုတ်ခဲ့တာပါ။ လစဉ်တပ်ဆင်ထုတ်လုပ်မှုအနေနဲ့ ကားအရေအတွက် ဒါဇင်ခန့်သာ ထုတ်လုပ်ဖို့ တိုယိုတာက မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Public Service Announcement

▪︎တပ်မ(၆၆)မှ တပ်သားတစ်ဦး လက်နက်နဲ့ထပ်မံခိုလှုံလာဟု ကရင်နီပြည်သူ့ရင်ခွင်အသိပေး
စစ်ကောင်စီရဲ့ တပ်မ(၆၆) လက်အောက်ခံ ခမရ(၄)မှ တပ်သားတစ်ဦး လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာလို့ ဆုငွေပေးအပ်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။ ခမရ(၄)မှ တပ်သား လွင်မိုးသူဟာ မနေ့က ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တာဖြစ်ပြီး သူ့ကို ကျပ်သိန်း ၆၀ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကရင်နီပြည်သူ့ရင်ခွင်က ဆိုပါတယ်။ အရင်ကလည်း တပ်မ (၆၆) လက်အောက်ခံ တပ်သားတွေဟာ ကရင်နီ ပြည်သူ့ရင်ခွင်ထံ ခိုလှုံမှုများရှိခဲ့ရာ စက်တင်ဘာလအတွင်းက ခလရ(၁၁)က တပ်သား သုံးဦး သေနတ် ၃လက်၊ ကျည်ဘောက်နှင့် ကျည်များ၊ လက်ပစ်ဗုံးတွေနဲ့အတူ CDM ပြုလုပ်ခဲ့ဖူးပါတယ်။ စက်တင်ဘာကနေ ယနေ့အောက်တိုဘာ ၁၂ရက်အထိ CDM ဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ဦးရှိတယ်လို့ သိရပါတယ်။

▪︎ရွှေကူ မံဝိန်းဒေသမှာ ဒီနေ့ တိုက်ပွဲပြင်းထန်နေ
ကချင်ပြည်နယ် ရွှေကူမြို့နယ် မံဝိန်းကျေးရွာနဲ့ အနီးတဝိုက်မှာ ဒီနေ့ နေ့ခင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့ညပိုင်းက စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ရွှေကူမြို့နယ် အတွင်းကို ထိုးစစ်ဆင်လာလို့ ညပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့ နေ့ခင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ပါ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာလို့ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ထိတယ်လို့လည်း သိထားရကြောင်း ဒေသခံက ပြောပါတယ်။

▪︎စစ်ကောင်စီခန့် ဒုရှေ့နေချုပ်ဦးစန်းလွင် အသက်ရှုကျပ် နှလုံးရပ်ပြီး ရုတ်တရက်သေဆုံး
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ဒုတိယရှေ့နေချုပ်ဦးစန်းလွင်ဟာ ဒီနေ့မနက်ပိုင်းမှာ အသက်ရှုကျပ်ပြီး နှလုံးရပ်ကာ ရုတ်တရက်သေဆုံးသွားတယ်လို့ တရားရေးအသိုင်းအဝိုင်းက ပြောပါတယ်။ ဦးစန်းလွင်ဟာ မနေ့ည အိပ်ရာဝင်ချိန်အထိ နေကောင်းပြီး အိပ်နေရင်း ရင်ကြပ်လာလို့ ဆေးရုံသွားပြရာ နှလုံးမခုန် တော့ခြင်းဖြစ်ကြောင်း သမီးဖြစ်သူက လူမှုကွန်ရက်တွင် ရှင်းပြထားပါတယ်။ အသက် ၇၂ ခန့်အရွယ်ရှိ ဦးစန်းလွင်ဟာ စစ်အုပ်စုက တရားမဝင် အာဏာသိမ်းယူပြီးနောက်၂၀၂၁အသစ်ဖွဲ့စည်းခဲ့တဲ့ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီးတာ၀န်ယူခဲ့သူလည်းဖြစ်ပါတယ်။

▪︎မြိုင်နယ် ဝါးသုံးအိုင်ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးလို့ နေအိမ် ၂၀ ကျော်ပြာကျ
မကွေးတိုင်း၊ မြိုင်မြို့နယ်အရှေ့ပိုင်းရှိ ဝါးသုံးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ်အဆောက်အအုံ ၂၄ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဝါးသုံးအိုင်ရွာကို အောက်တိုဘာ ၈ ရက် ညက ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၉ ရက် နေ့ခင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။ အောက်တိုဘာ ၁၀ ရက်မှာလည်း ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်၂၂ လုံးနဲ့ နွားစာခြံ နှစ်လုံးအပါအဝင် စုစုပေါင်း ၂၄လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့ပြီးထွက်သွားတဲ့ စစ်ကြောင်းဟာ ရှင်မတောင် တောင်ခြေဘက် ထွက်သွားခဲ့ပြီး လမ်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
▪︎ရေစကြိုမြို့ ရုံးပေါင်းစုံရှေ့ရှိ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်
မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံရှေ့ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးအခြေစိုက် PDF နှစ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၉ ရက် ညပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများ အခြေစိုက်တပ်ဆွဲထားတဲ့ အမှတ် (၆)ရက်ကွက်ရှိ ဌာနဆိုင်ရာရုံးပေါင်းစုံရှေ့ကို လျက်ဆားပုလင်းပုံစံပြုလုပ်ထားတဲ့ ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ BLack Wolf PDF-MDY အဖွဲ့က ပြောပါတယ်။ ရုံးရှေ့ရှိ စစ်ကောင်စီတပ်နဲ့ ပျူများ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး ဆေးရုံရောက်သွားကာ သေဆုံးမှုရှိ၊မရှိကိုမူ မသိရသေးဘူးလို့ ဒေါင်းညီနောင်အဖွဲ့က ပြောပါတယ်။
▪︎မြင်းခြံမှာ စစ်ကောင်စီတပ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ ထိခိုက်ပျက်စီးမှုရှိ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းမှ စစ်သားအများဆုံးပါတဲ့ ယာဥ်ကို ရွေးချယ်ပြီး မိုင်းဆွဲတိုက်ခိုက်ရာ တစ်စီးလမ်းဘေးထိုးကျပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိတယ်လို့ နောင်ရိုးအထူးပြောက်ကျားတပ်- NYSGF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက် ညပိုင်းက မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ထွက်ခွာလာတဲ့ စစ်ကောင်စီရဲ့ ၅စီးပါ ယာဥ်တန်းကို ငါန်းမြာ-ငါန်းဇွန် ကားလမ်းမပေါ် နတ်ကြီးရွာနဲ့ ကုန်းလည်ရွာကြားအရောက်မှာ စစ်ကောင်စီတပ်သားအများဆုံးပါတဲ့ ယာဥ်ကိုရွေးပြီး ပဒေသာမိုင်း (၇)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ယာဥ်နှစ်စီး တည့်တည့်ထိမှန်ခဲ့ပြီး တစ်စီးမှာ လမ်းဘေး ထိုးကျပျက်စီးသွားခဲ့တယ်လို့ 27 Revolution Force က ပြောပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားခဲ့တယ်လို့ အဲဒီတော်လှန်ရေး အဖွဲ့က ဆိုပါတယ်။
▪︎မြောင် လဝကရုံးနဲ့ စစ်ဆေးရေးဂိတ်ကို အမျိုးသမီးဒရုန်းအဖွဲ့ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)နဲ့ စစ်ဆေးရေးဂိတ်တစ်ခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ လေးဦးသေဆုံးခဲ့တယ်လို့ T. G. R Women Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက မြောင်မြို့တောင်ဘက်အထွက်ရှိ လဝကရုံးမှာ ဝန်ထမ်းအချို့ ပုန်းလျှိုးကွယ်လျှိုး ရုံးတက်ကာ စစ်ကောင်စီကို ကူညီလုပ်ကိုင်ပေးနေလို့ ဒရုန်းနဲ့ ဗုံးချကာ သတိပေးခဲ့တာလို့ ဆိုပါတယ်။ ညနေပိုင်းမှာလည်း စက်မှုလယ်ယာရုံးရှေ့မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့ရာ နေရာမှာပဲ နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ စခန်းထဲပြန်ရောက်ချိန်သေဆုံးသွားတယ်လို့ T. G. R Women Drone Force အဖွဲ့က ထုတ်ပြန်ပါတယ်။


















































