Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (အောက်တိုဘာ ၁၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎KNU တပ်မဟာ(၆)နယ်မြေ စခန်းသိမ်းပွဲ စစ်ကောင်စီတပ်မှ ၁၉ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများလည်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ပြီး သုံ့ပန်းများလည်း ဖမ်းဆီးရရှိခဲ့တယ်လို့ KNU နဲ့ နီးစပ်တဲ့ ကရင်တိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်
KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်

မနေ့က စခန်းသိမ်းတိုက်ပွဲမှာ သုံ့ပန်း ၁၉ ဦးဖမ်းဆီးမိခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦး ကတော့ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်
KNLA နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်သား ၁၆ ဦးအရှင်ဖမ်းမိထားကြောင်းထုတ်ပြန်

KNLA တပ်ရင် ၂၇ ကော်ဘရာပူးပေါင်းစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး စောကော်က သိမ်းဆည်းရရှိတဲ့ လက်နက်အများအပြားနဲ့အတူ ‘ဟိုဘက်အခြမ်းက အားရစရာလေးများ’ လို့ ရေးသားဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

နဂါးနီစစ်​ကြောင်းမှတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-နဂါးနီစစ်​ကြောင်း
နဂါးနီစစ်​ကြောင်းမှတပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-နဂါးနီစစ်​ကြောင်း

▪︎မြန်မာပြည် ပြန်လည် ငြိမ်းချမ်းရေး၊ တည်ငြိမ်းရေး တရုတ်နဲ့ လုပ်ဆောင်ဖို့ ဆန္ဒရှိဟု NUCC က ရှီကျင့်ဖျင်ထံ သဝဏ်လွှာပို့

မြန်မာနိုင်ငံ ပြန်လည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ လုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တရုတ်ကွန်မြူနစ်ပါတီ(CPC)အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့ပါတယ်။

ကျင်းပနေဆဲ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီရဲ့ အမျိုးသားကွန်ဂရက်ကို NUCC က တရုတ် ၊အဂ်လိပ်နှစ်ဘာသာနဲ့ သဝဏ်လွှာပေးပို့ရာ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ‘ပေါက်ဖော်’ ဆက်ဆံရေးကို မြှင့်တင်ဖို့ လွန်စွာအရေးကြီးမှုနဲ့ CPC၊ တရုတ်အစိုးရ၊ ပြည်သူများအကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရေးတို့ကို ထည့်သွင်းဖော်ပြပါတယ်။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုဆီ ဦးတည်တဲ့လမ်းကြောင်းအတွက် စစ်တပ်ကစစ်တန်းလျားကို ပြန်မှသာဖြစ်မယ်လို့ ယုံကြည်ထားပြီး ပြည်သူများ ကိုယ်စားပြုပါဝင်တဲ့ စစ်မှန်သော ဖက်ဒရယ်အစိုးရ ပေါ်ထွန်းရေးကို ယုံကြည်ကြောင်း ဖော်ပြပါတယ်။

တရုတ်ကွန်မြူနစ်ပါတီညီလာခံကျင်းပ​နေစဥ် ။ဓါတ်ပုံ-The Guardian
တရုတ်ကွန်မြူနစ်ပါတီညီလာခံကျင်းပ​နေစဥ် ။ဓါတ်ပုံ-The Guardian

▪︎ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ပြီးဖြစ်ကြောင်း ကြေညာ

ချင်းပြည်နယ် ဟားခါးမြို့နယ် ပြည်သူ့တရားရုံး ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ချင်းဒေသကာကွယ် ရေးတပ်(CDF)-ဟာခါး ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။ တော်လှန်ရေးကာလအတွင်း ဟားခါးမြို့နယ် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်တဲ့ ဒေသတွင်း ဥပဒေစိုးမိုးရေးကို စောင့်ထိန်းနိုင်ဖို့နဲ့ တရားမျှတမှုအတွက် အောက်တိုဘာ ၁၁ရက်ကစလို့ တရားရုံးကို စတင်ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။ အမှုများကို လက်ခံစီရင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ပြည်သူ့တရားရုံး မဖွင့်လှစ်မီ တော်လှန်ရေး ကာလအတွင်း CDF(ဟားခါး)အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ အမှုများကိုလည်း ဆက်ခံကာ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဟားခါးမြို့လယ်တစ်​​​​​နေရာကို ၂၀၂၀ ခုနှစ်က​တွေ့ရမှု ။ဓါတ်ပုံ- CJ
ဟားခါးမြို့လယ်တစ်​​​​​နေရာကို ၂၀၂၀ ခုနှစ်က​တွေ့ရမှု ။ဓါတ်ပုံ- CJ

▪︎မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးဌာနက တစ်နှစ်အတွင်း အမှုပေါင်း ၁၂၀ကျော်စစ်ဆေးခဲ့

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တစ်နှစ်တာအတွင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – တရားစီရင်‌ရေးဌာနက အမှုပေါင်း ၁၂၀ကို အပြီးပြတ်စစ်ဆေးခဲ့တယ်လို့ မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်း​ရေးမှူးက​ပြောပါတယ်။ မင်းတပ်မြို့နယ်ရှိ တိုက်နယ် ကိုးခုအနက် တိုက်နယ် ငါးခုမှာ ၂၀၂၁ ဇူလိုင် ၇ ရက်ကစလို့ စတင် စီရင်ခဲ့တာပါ။ တိုက်နယ်အလိုက် ချင်းဓလေ့ထုံးစံအတိုင်း ဖျန်ဖြေခြင်း၊ တရားစီရင်ခြင်းတို့ကို ဆောင်ရွက်ပြီး မပြေလည်တဲ့ အမှု ၈ ခုကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-တရားစီရင်ရေးဌာနက ဆုံးဖြတ်ခဲ့တာလို့ မင်းတပ်မြို့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးက ပြောပါတယ်။ မြို့နယ်တရားစီရင်ရေးရဲ့ ဆုံးဖြတ်ခဲ့​တဲ့ အမှု ၈ ခုအနက် တင်ကူးကြံစည် လူသတ်မှုတစ်ခုကို သေဒဏ်ချမှတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)
(မင်းတပ်မြို့ ကိုစက်တင်ဘာလက​တွေ့ရစဥ်။ဓါတ်ပုံ-HKL Mindat)

▪︎ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ကျောင်းသားသပိတ် ဂျာမနီမှာလည်း ပြုလုပ်

ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားများ စုပေါင်းကာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ကျောင်းသားသပိတ် ဒီနေ့ပြုလုပ်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံရောက် မြန်မာနိုင်ငံသားများက “NO JUSTIFICATION FOR KILLING OF STUDENTS” ၊ “Free Burma” ၊ “Freedom for Our Students” စတဲ့ စာသားတွေကို ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဂျာမနီနိုင်ငံမှာဆန္ဒထုတ်​ဖော်​နေစဥ်။ဓါတ်ပုံ-GMSR
ဂျာမနီနိုင်ငံမှာဆန္ဒထုတ်​ဖော်​နေစဥ်။ဓါတ်ပုံ-GMSR

မနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့ကျောင်းသားသပိတ် ဆန္ဒပြပွဲကြီး ကျင်းပပြုလုပ်ရာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ရာချီ ချီတက်ခဲ့ကြပါတယ်။

ဂျာမနီနိုင်ငံမှာဆန္ဒထုတ်​ဖော်​နေစဥ်။ဓါတ်ပုံ-GMSR
ဂျာမနီနိုင်ငံမှာဆန္ဒထုတ်​ဖော်​နေစဥ်။ဓါတ်ပုံ-GMSR

▪︎စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ချောင်းဦးနယ် ငါးလုံးတင်ရွာ နေအိမ် ၁၅၀ ခန့် ပြာကျ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ငါးလုံးတင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတာကြောင့် နေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ့နေတယ်လို့ ​ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၄ ကနေ ၁၆ ရက်အထိ ငါးလုံးတင်ကျေးရွာနဲ့ ချောင်းဦး-ပခုက္ကူလမ်းဘေးရှိ ကျေးရွာတွေကို အကြမ်းဖက် ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။ ငါးလုံးတင်ကျေးရွာဟာ ဖရဲသခွားစိုက်ပျိုးခြင်း၊ ဂျုံရိုးဦးထုပ်လက်မှုပစ္စည်းများ လုပ်ကိုင်ရောင်းချခြင်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များအပြင် ဂျုံရိုးဦးထုပ်လက်မှုပစ္စည်းများ၊ ကုန်ကြမ်းများ၊ စပါးများပါ မီးလောင်ပျက်စီးခဲ့တယ်လို့ Chaung U Revolution အဖွဲ့က ပြောပါတယ်။ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးများလည်းလိုအပ်နေပြီး မီးဘေးသင့်ပြည်သူများအတွက် တက်နိုင်တဲ့ ဘက်ကနေ ပါဝင်ကူညီလှူဒါန်းပေးကြဖို့ ChaungU Middle Wolves Army(CMWA) အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution
ငါးလုံးတင်ကျေးရွာရှိ မီးရှို့ဖျက်ဆီးခံရသော နေအိမ်များ၊ ဓာတ်ပုံ-Chaung U Revolution

▪︎ရိက္ခာပို့ယာဥ်သွားကြိုတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ လက်နက်နဲ့ ရိက္ခာပို့ဆောင်တဲ့ ယာဥ်ကို သွားကြိုတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီနေ့မနက်ပိုင်းက ရေဦးမြို့မှ မိုးကာအုပ် စစ်ကောင်စီ ယာဥ်တစ်စီးဟာ ရေဦး – ခင်ဦးနယ်စပ် မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေထံ လက်နက်နဲ့ စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်ခဲ့ပါတယ်။ ခင်ဦးမြို့နယ် ရွာသစ်ကုန်းနဲ့ မူးတိမ်ချောင်းတံတားမှ စစ်ကောင်စီတပ်တွေဟာ လမ်းပိုင်းလုံခြုံရေးအတွက် အင်းပတ်ကွေ့၊ သရက်ပင်စု၊ မြင်းဒေါင်းကျေးရွာ လမ်းပိုင်းတစ်လျှောက်ထွက်လာရာ လမ်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလို့သိရပါတယ်။

▪︎စစ်ကောင်စီတပ်ကြောင့် ပေါက်နယ်တောင်ပိုင်း ပြည်သူများမိုးရွာထဲ ထွက်ပြေးနေရ၊ အမျိုးသားတစ်ဦးကို သတ်ဖြတ်ကာ ခန္ဓာကိုယ်ကို ခြံစည်းရိုးမှာ ချိတ်ထားခဲ့

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းပါ မချန် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေကို သတ်ဖြတ်နေလို့ ကျေးရွာ ၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj
မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj

အောက်တိုဘာလ ၁၃ ရက်ကတည်းက ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဖျက်ဆီးမှုများပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက်ပိုင်းက ဝန်လဲရွာနဲ့ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူတွေဟာ မိုးရွာထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj
မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ဓာတ်ပုံ-Cj

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ တောင်မြင့်ရွာနဲ့ သစ်ညီနောင်ရွာကြားမှာ အသက် (၄၅)နှစ်အရွယ် အမျိုးသားတစ်ဦးကို ခြေ၊ လက်၊ ခေါင်းများဖြတ်ကာ ခန္ဓာကိုယ်ကို ခြံစည်းရိုးမှာ ချိတ်ထားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

▪︎ဝက်လက်နယ်ရှိ သစ်ဆိမ့်ကြီးရွာမှ နေအိမ် ၃၀ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ သစ်ဆိမ့်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မနေ့ညနေပိုင်းက ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ကာ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၄ လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။ နောက်ပြီး သစ်ဆိမ့်ကြီးရွာ တောင်ဘက်ရှိ ကူကြီးကျေးရွာမှလည်း နေအိမ် သုံးလုံး မီးရှို့ဖျက်ဆီးခဲ့သလို ငါးပတ်ချောင်းကျေးရွာမှ ပြည်သူတွေရဲ့ ပစ္စည်းအများအပြားကိုလည်း အဓမ္မယူဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြိုနယ်ငါးလုံးတင်ကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်​တွေ။ ဓာတ်ပုံ-Chaung U Revolution
ချောင်းဦးမြိုနယ်ငါးလုံးတင်ကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်​တွေ။ ဓာတ်ပုံ-Chaung U Revolution

ဆက်စပ်သတင်းများ