▪︎ကသာမြို့နယ်မှာ NUG တရားရုံး စတင်ဖွင့်လှစ်
အမျိုးသားညီညွတ်ရေးအစိုးရက ကသာမြို့နယ်မှာ မြို့နယ်တရားရုံးကို မနေ့က စတင်ဖွင့်လှစ်လိုက်တယ်လို့ ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ လည်း NUG က တရားစီရင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပြီး မြို့နယ်တရားရုံးကို ရွေ့လျားတရားရုံးပုံစံ ဖွင့်လှစ်ထားတယ်လို့ ဆိုပါတယ်။ တရားစီရင်ရေးလုပ်ငန်းများ အဆင်ပြေစေဖို့ ကြိုးစားဆောင်ရွက်နေပြီး အဲဒီလို ဆောင်ရွက်ရာမှာ တရားရေးအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားလုံးစည်းလုံးစွာ ဆောင်ရွက်နေတယ်လို့ ထီးချိုင့်မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာတဲ့နည်းတူ စစ်ကောင်စီဟာ နယ်မြေစိုးမိုးနိုင်မှု အားနည်းနေပါတယ်။


▪︎စစ်ကောင်စီ ရဟတ်ယာဉ်ကို ကန်ပက်လက် CDF ပစ်ခတ်တိုက်ခိုက်
ချင်းပြည်နယ် ကန်ပက်လက်နယ်ကို အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီပို့ဆောင်ရေး ရဟတ်ယာဉ် နှစ်စီးအား အမြင့်တစ်နေရာမှ လက်နက်ငယ်တွေနဲ့ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြို့နယ် ကျင်ဒွေး တပ်စခန်းကို အောက်တိုဘာ ၁၅ ရက်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့ စစ်အင်အား ဖြည့်တင်းခဲ့ပြီး ဒီနေ့မှာ အဲဒီစစ်ကောင်စီ ရဟတ်ယာဉ် နှစ်စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်မှုကြောင့် ပို့ဆောင်ရေးရဟတ်ယာဉ် တစ်စီးမှာ ဆီတိုင်ကီ ပေါက်သွားတဲ့အပြင် ပန်ကာ တစ်ချောင်းကျိုးသွားတယ်လို့ ကန်ပက်လက် CDFက ထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အားများ နည်းလမ်းမျိုးစုံနဲ့ ဖြည့်တင်းနေပြီး အင်အားသုံးစစ်ကြောင်းထိုးမှုတွေ ဖြစ်လာနိုင်လို့ ပြည်သူတွေ အသွားအလာ ဂရုစိုက်ကြဖို့ ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF)က သတိပေးထားပါတယ်။

▪︎ထီးခီးလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို PDF ပူးပေါင်းတပ် ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ (၁၅)ဦးထက်မနည်းသေ
တနသ်ာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ်-မေတ္တာလမ်းပိုင်းမှာ ထီးခီးနယ်ဘက်ကို လက်နက်ရိက္ခာပို့ဖို့ လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကိုမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်အရှေ့တောဒေသကာကွယ်ရေးတပ် ဖွဲ့(DEF-PDF)က ပြောပါတယ်။ ထားဝယ် – မေတ္တာလမ်းအတိုင်း ထီးခီးဘက်လာတဲ့ အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီတပ်ယာဥ် ခုနစ်စီးကို သက်န်းတုံးနဲ့ ဝကုန်းရွာကြားမှာ ကော်သူးလေ တပ်ခွဲ (၃)၊ DEF-PDF၊ သံမဏိပြောက်ကျားတပ်၊ ကျားသစ်တပ်ဖွဲ့နဲ့ DGRF တို့ပူးပေါင်းပြီး အောက် တိုဘာ ၁၄ ရက် ညနေပိုင်းက ၁ နာရီခန့်ကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်က ပြောပါတယ်။

Public Service Announcement


▪︎ဘုတလင်မှာ PDFကင်းစခန်းတစ်ခု စီးနင်းခံရလို့ မြို့ပေါ်စစ်ကောင်စီစခန်းကို ပြန်တိုက်
စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ မနေ့က PDF ကင်းစခန်းတစ်ခု စီးနင်းခံရပြီးနောက် စစ်ကောင်စီတပ်အခြေချရာ မြို့ပေါ်စခန်းတစ်ခုကို တန်ပြန်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myanmar Defense Forceအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းဟာ MDF -ဘုတလင်တပ်ခွဲရဲ့ ကင်းတဲတစ်ခုကို အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် MDF-Special Force အဖွဲ့ဝင် ရဲဘော် ကိုဝေယံဦးနဲ့ MDF-ဘုတလင် ရဲဘော် ကိုဖြိုးကိုကိုအောင်တို့ နှစ်ဦးမှာ ကျန်ရဲဘော်များ ဆုတ်ခွါနိုင်ဖို့ အသက်အသေခံကာ ပစ်ပေးရင်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုတလင်စခန်းကို မြို့နယ် (ပကဖ)၊ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ကနီအဖွဲ့၊ MDF တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ MDF အဖွဲ့က ပြောပါတယ်။
▪︎စစ်ကောင်စီလက်အောက်ခံ BGF တပ်စခန်း တစ်ခုကို KNU တပ်မဟာ(၅) တိုက်ခိုက်သိမ်းပိုက် မီးရှို့
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)ရဲ့ ဖောထီးခု တပ်စခန်းကို တပ်မဟာ(၅) တပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လိို့ Salween Press က ရုပ်သံမှတ်တမ်းနဲ့ အတူ သတင်းဖော်ပြပါတယ်။ အဲဒီ တပ်စခန်းဟာ ကမမောင်းနဲ့ ဖာပွန်ကို ဆက်သွယ်ထားတဲ့ လမ်းနဲ့ ယွန်းစလင်းမြစ်ကမ်းအနီး တည်ရှိပြီး ရေကြောင်းနဲ့ သွားလာတဲ့ ဒေသခံပြည်သူများကို ပိတ်ဆို့ခြင်း၊ စစ်ဆေးနှောက်ယှက်ခြင်း ပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စခန်းကို အောက်တိုဘာ ၁၃ရက်မှာ သိမ်းပိုက်မီးရှို့ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးအခြေအနေများ မသိရသေးဘူးလို့ Salween Pressက ဖော်ပြပါတယ်။

▪︎ဖာပွန်ခရိုင် ဒီလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းအချို့ KNU သိမ်းဆည်းရရှိ
ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေမှာ အောက်တိုဘာ ဒုတိယပတ်အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိသလို လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။ KNU တပ်မဟာ(၅)နယ်မြေမှာ အောက်တိုဘာ ၁၁ မှ ၁၃ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို ကရင်ဘာသာဖြင့် ထုတ်ပြန်ထားရာ KNU သတင်းရင်းမြစ်က ပြန်လည်ရှင်းပြခြင်းဖြစ်ပါတယ်။ စစ်တပ်က ၇ ယောက်သေဆုံးကာ ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသခံများ ရှိရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အရပ်သား ပြည်သူအချို့ ထိခိုက်မှုရှိခဲ့တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

▪︎တောင်ဒဂုံနဲ့ ဗဟန်းရှိ စစ်တပ်သိမ်းထားတဲ့မြေကွက်တွေကို NUG ရောင်းချ
ရန်ကုန်မြို့မှာ စစ်အုပ်စုသိမ်းပိုက်ထားတဲ့ မြေကွက်တွေကို နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် မြေကွက် ၁၂၀၀ ခန့် ဖော်ထုတ်ကာ ဆက်လက်ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရှယ်ယာရောင်းချရေးအဖွဲ့ EOD က ထုတ်ပြန်ပါတယ်။ Spring Yangon Phase II (နွေဦးရန်ကုန် ဒုတိယအဆင့်) အမည်ပေးထားတဲ့ အဲဒီစီမံကိန်းမှာ တောင်ဒဂုံနဲ့ ဗဟန်းမြို့နယ်တို့ရှိစစ်အုပ်စုသိမ်းယူထားတဲ့ မြေကွက်တွေကို အောက်တိုဘာ ၂၂ ရက်မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ရောင်းချမှုမှာ မြေကွက်စုစုပေါင်း ၁၁၉၂ ကွက်ရှိပြီး စုစုပေါင်းမြေကွက်တွေရဲ့တန်ဖိုးဟာ ဒေါ်လာ ၄၂ သန်းရှိပါတယ်။ ဗဟန်းမြို့နယ်၊ မဟာစည် သာ့သနာရိပ်သာလမ်းအတွင်း စစ်တပ်မှ သိမ်းယူထားတဲ့ မြေနေရာတွေကို တော်ဝင်နွေဦးဟု အမည်ပေးကာ မြေကွက် ၁၆၀ကို ရောင်းချမှာဖြစ်ပါတယ်။ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ လမ်းမကြီးနဲ့ ကျန်စစ်သားလမ်းမကြီးထောင့်မှာ စစ်တပ်သိမ်းထားတဲ့ မြေနေရာတွေကို နွေဦးအောင်လံဟု အမည်ပေးထားပြီး ပေ ၁၀၀၊ ပေ ၁၅၀ မြေကွက်( ၃၂) ကွက်၊ ပေ ၆၀၊ ပေ၈၀မြေကွက်( ၂၀၀) နဲ့ ပေ ၄၀ ၊ ပေ ၆၀ မြေကွက် (၈၀၀)တို့ကိုရောင်းချမှာဖြစ်ပါတယ်။
▪︎မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာ နယ်စပ်တလျောက် ရဲကင်း ၃၀ ကျော် အိန္ဒိယတည်ဆောက်
တရားမဝင် နယ်စပ်ဖြတ်ကျော်တာနဲ့ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းတွေကိုတားဆီးဖို့ မြန်မာနဲ့ထိစပ်နေတဲ့ မဏိပူရပြည်နယ်ထဲမှာ နယ်စပ်တလျောက် ရဲကင်းစခန်း ၃၄ ခုကို တည်ဆောက်နေတယ်လို့ အိန္ဒိယ အစိုးရက အသိပေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ မိုင် ၂၅၀ ခန့် နယ်စပ်တလျောက်မှာ ရဲကင်းစခန်းတွေကို တည်ဆောက်နေတာလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက မဏိပူရပြည်နယ် မြို့တော် အင်ဖာမှာ ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။ မဏိပူရပြည်နယ်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ပြည်နယ်ဖြစ်ပြီး ပြည်နယ်အတွင်းက ခရိုင် ငါးခုဟာ မြန်မာနဲ့ထိစပ်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်မြေမတည်မငြိမ်မှုတွေကြောင့် စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အတွင်းက ဒေသခံတွေဟာ အိန္ဒိယဘက်ကို ဖြတ်ကျော်ခိုလှုံခဲ့ရပါတယ်။ မဏိပူရ ပြည်နယ်မှာ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျောက် ၃ မိုင်ခန့်သာ နယ်စပ်ခြံစည်းရိုး ကာရံထားနိုင်တယ်လို့သိရပါတယ်။ ဒါကြောင့် မြန်မာဘက်က တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေများပြားလာမှာကို စိုးရိမ်နေကြတယ်လို့ အိန္ဒိယသတင်းဌာနတွေကဖော်ပြပါတယ်။
▪︎ချောင်းဦးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊ PDF ရဲဘော် သုံးဦးလည်း ကျဆုံးခဲ့ရ
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း မနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၉ ဦးထက်မနည်း ထိခိုက်သွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်သုံးဦးလည်း ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။ မနေ့က ချောင်းဦးမြို့နယ် မထိသာနဲ့ ငလုံးတင်ကျေးရွာတွေကို အကြမ်းဖက် ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေက တိုက်ခိုက်ခဲ့ပါတယ်။ တော်လှန်ရေးမဟာမိတ်တွေရဲ့ မိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်က ၅ ဦးခန့်သေဆုံးနိုင်ပြီး နောက်ထပ် ၄ ဦးကိုလည်း ထမ်းစင်နဲ့ ထမ်းထုတ်သွားတယ်လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မထိသာနဲ့ ငလုံးတင်ကျေးရွာတွေမှ နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


















































